
ဧရာဝတီတိုင်းမ်
ဇူလိုင် ၈ ရက်
စစ်မှုထမ်း တပ်သားသစ်များကို တပ်မှထွက်ပြေးခြင်း၊ လက်နက်ချခြင်း၊ PDF နှင့်ပူးပေါင်းခြင်းများ ပြုလုပ်ပါက ကျန်ရစ်သည့် မိသားစုဆွေမျိုးများ၏ လူမှုစီးပွားဘဝများ ပျက်စီးရမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၄ ရက်နေ့တွင်ပြုလုပ်သည့် အပတ်စဉ် ၁၂ သင်တန်းဆင်းပွဲတွင် တပ်သားသစ်များကို စစ်ကောင် စီအရာအရှိများက အထက်ပါအတိုင်း ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။
“တပ်သားသစ်တွေထွက်ပြေးမှာစိုးလို့ မိသားစုနဲ့ခြိမ်းခြောက်တာ။ ထွက်ပြေးရင် ကိုယ်တိုင်တင်မဟုတ်ဘဲ မိသားစုပါ အကျိုးဆက်ကို ခံစားရမယ်ဆိုပီး အကြောက်တရားသွင်းနေတာ”ဟု စစ်မှုထမ်းစုဆောင်းခံရသူ မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီအရာရှိများက သင်တန်းဆင်းပွဲ အမှာစကားပြောဆိုရာတွင် ရဲရဲတိုက်၊ ရဲရဲတက်၊ ရဲရဲချေမှုန်း ၍ ရလဒ်ကောင်းများရရှိပါက နိုင်ငံတော်က အခွင့်အလမ်းနှင့် ဘဝနောင်ရေးအတွက် စိတ်မပူရရေး စီမံပေးမည်ဖြစ်ပြီး ထွက်ပြေး၍ လက်နက်ချပူးပေါင်းပါက မိမိဘဝတစ်သက်တာလုံး စစ်ပြေးဘဝဖြင့်နေထိုင်ရမည်ဖြစ်ပြီး မိသားစုဂုဏ်သိက္ခာ လူမှုစီးပွားဘဝများ ပျက်စီးလိမ့်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက ရန်ကုန်တိုင်းအတွင်းရှိ တိုက်ကြီးမြို့ နယ်နှင့် လှည်းကူးမြို့နယ်တို့တွင် လူသစ်တပ်ဖွဲ့ဝင် ၆၀၀ ခန့်ကို သင်တန်းဆင်းပေးခဲ့ပြီး အဆိုပါသင်တန်း သားများကို စစ်မြေပြင်သို့ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။
တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့် ရခိုင်၊ ရှမ်းမြောက်၊ ကရင်နီ၊ ကရင်၊ စစ်ကိုင်း၊ မကွေးနှင့် ကချင်၊ ချင်း၊ ပဲခူးစသည့် စစ်ဆင်ရေးနယ်မြေများသို့ ပို့ ဆောင်မည်ဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
တစ်နိုင်ငံလုံးရှိ အပတ်စဉ် ၁၂ သင်တန်းဆင်းများအားလုံးကို ဗန်းမော်၊ ဖားကန့်၊ စစ်ကိုင်းတိုင်းတွင်းရှိ မင်းကွန်း၊ ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူ၊ ကရင်နီပြည်နယ်အတွင်းရှိ မိုးဗြဲ၊ ဖားဆောင်း၊ ရှမ်းမြောက်ရှိ နောင်ချို၊ ဧရာဝတီတိုင်းအတွင်းရှိ လေးမျက်နှာနှင့် ရေကြည်မြို့နယ်တို့ကို အဓိကပို့လွှတ်မည်ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီက စစ်သင်တန်းဆင်းများကို တိုက်ပွဲအပြင်းထန်ဆုံးနေရာများသို့ ပို့ဆောင်နေသည့် အတွက် သင်တန်းဆင်းများမှာ အစုလိုက်ထွက်ပြေးပြီး တော်လှန်ရေးတပ်ဖွဲ့များထံ ခိုလှုံမှုများနေသည့် အတွက် မိသားစုကိုအကြောင်းပြကာ ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်လာခြင်းဖြစ်သည်။
ဓာတ်ပုံ-ပြည်သူ့စစ်မှုထမ်း သင်တန်းသားများ