
ဧရာဝတီတိုင်းမ်
ဇူလိုင် ၈ ရက်
ရုရှားလေဆိပ်တွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ ပြီးခဲ့တဲ့လ “Spider Web” စစ်ဆင်ရေးအပြီး ယူကရိန်းနိုင်ငံဟာ ရုရှားရှိ စစ်ဘက်စခန်းတွေအပေါ် တိုက်ခိုက်မှုတွေ အရှိန်မြှင့်လာခဲ့ပါတယ်။
စနေနေ့ညပိုင်းက ရုရှားနိုင်ငံအလယ်ပိုင်း ချူဗက်စ်ဒေသရှိ စစ်ဘက်ဆိုင်ရာ စက်မှုဇုန်တစ်ခုကို တိုက်ခိုက်ခဲ့တယ် လို့ ယူကရိန်းစစ်တပ်က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။
အဆိုပါစက်မှုဇုန်ဟာ အသေခံဒရုန်းတွေ၊ ဒုံးကျည်တွေမှာ အသုံးပြုတဲ့ အင်တင်နာတွေ ထုတ် လုပ်တာလို့ ယူကရိန်းစစ်ဉီးစီးချုပ်ရုံးက ဆိုပါတယ်။
ယူကရိန်းစစ်တပ်ဟာ ဇူလိုင်လ ၁ ရက်က ရုရှားနိုင်ငံအလယ်ပိုင်း Izhevsk မြို့ရှိ လေကြောင်းရန် ကာကွယ်ရေးစနစ်နဲ့ တိုက်ခိုက်ရေးဒရုန်းတွေ ထုတ်လုပ်တဲ့ စက်ရုံတစ်ခုကို ဒရုန်းတိုက်ခိုက်မှု လုပ် ဆောင်ခဲ့ပါတယ်။
ဇွန်လ ၁ ရက် “Spider Web” စစ်ဆင်ရေးဟာ ရုရှားနိုင်ငံရှိ ဒါဇင်နဲ့ချီတဲ့ မဟာဗျူဟာမြောက် ဗုံး ကြဲလေယာဉ်တွေကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။
ရုရှားကလည်း ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ တိုက်ခိုက်မှုတွေ အရှိန်မြှင့်နေပါတယ်။ ရုရှားတပ်ဖွဲ့ တွေဟာ လာမယ့်လတွေအတွင်း ယူကရိန်း သယ်ယူပို့ဆောင်ရေး အချက်အချာနေရာ Pokrovsk မြို့ကို ပိတ်ဆို့ဖို့ ကြိုးစားနေပါတယ်။
အမေရိကန်နိုင်ငံက ယူကရိန်းသို့ စစ်လက်နက်အချို့ တင်ပို့တာ ရပ်ဆိုင်းခဲ့ပေမယ့် ယူကရိန်းရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ် အဆင့်မြှင့်တင်ရေးမှာ ကူညီမယ်လို့ ဂျာမနီက အရိပ်အမြွက်ပြောပါ တယ်။
ဂျာမနီဝန်ကြီးချုပ် ဖရက်ဒရစ်မာ့ဇ်ဟာ ကြာသပတေးနေ့က ဖုန်းပြောဆိုမှုတစ်ခုအတွင်း အဆိုပါ ကိစ္စကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဆွေးနွေးခဲ့တယ်လို့ ဂျာမနီမီဒီယာတွေက ဖော်ပြပါတယ်။
ယူကရိန်းသို့ ထောက်ပံ့ဖို့ အမေရိကန်နိုင်ငံမှ ပက်ထရီးယော့ဒုံးခွင်းစနစ် ဝယ်ယူဖို့ စဉ်းစားနေ တယ်လို့ ဂျာမနီအစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
ဂျာမနီနိုင်ငံဟာ ယူကရိန်းအတွက် ပက်ထရီးယော့ဒုံးခွင်းစနစ်နှစ်ခု ဝယ်ယူဖို့ အမေရိကန်နိုင်ငံနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ အစိုးရ တာဝန်ရှိသူတစ်ဉီးကို ကိုးကားပြီး ဘလွန်းဘဂ်သတင်းဌာန က ဖော်ပြပါတယ်။
ကိုးကား – NHK
Ref; Ukraine steps up attacks on Russian targets after ‘Spider Web’ operation