
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၇ ရက်
ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဌာနချုပ်ဟောင်း မာနယ်ပလောကို ပြန်လည်ရရှိအောင် စစ်ဆင်ရေး ဦးဆောင်သူ ဒုဗိုလ်မှူးကြီးအဆင့်ရှိ တပ်မှူး နှစ်ဦးကို ကော်သူးလေ ရဲစွမ်းသတ္တိဆု ချီးမြှင့်လိုက် ပြီး ၎င်းတို့မှာ လေးဦးမြောက်ဖြစ်ကြောင်း KNU ထံက သိရသည်။
ထိုဌာနချုပ်ဟောင်း၌ နှစ်(၃၀)ကြာ တပ်စွဲထားသော ဗျူဟာစခန်းအဆင့် ပွိုင့်(၉၁၃) စစ်ကောင်စီစခန်းကို စနစ်တကျစီမံ၍ အောင်ပွဲနှင့်အတူ စစ်ဆင်ရေးဦးဆောင် အကောင်အထည်ဖော်ခဲ့ကြသဖြင့် ချီးမြှင့် ပေးအပ်ခြင်းဖြစ်ကြောင်း KNU က ယနေ့ဇူလိုင် ၇ ရက်တွင် ထုတ်ပြန်သည်။
ကော်သူးလေ ရဲစွမ်းသတ္တိဆု ရရှိသူနှစ်ဦးမှာ ဒုဗိုလ်မှူးကြီး စောခင်လေး (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)စစ်ဌာနချုပ်- ပြောက်ကြားတပ်ဖွဲ့တာဝန်ခံ)နှင့် ဒုဗိုလ်မှူးကြီး စောတင်မြင့်ထူး (တပ်မဟာ-၇၊ တပ်ရင်း(၂၂) တပ်ရင်းမှူး)တို့ဖြစ်ကြောင်း သိရသည်။
ယင်းဆုသည် သူရသတ္တိနှင့် ညီမျှပြီး လက်ရှိ KNLA ၏ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး စောဂျော်နီနှင့် ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်မှူးစောကိုကို (ခ) ဗိုလ်မှူးစောဒါဘောတို့လည်း ရရှိထားကြောင်း KNU ပြောခွင့်ရ ပဒိုစောတောနီးက ဆိုသည်။
“ဒီဆုရရှိတဲ့ လေးဦးမှာ ပထမဦးဆုံးတစ်ယောက်က လက်ရှိစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂျော်နီပါ။ ဒုတိယကတော့ နိုင်ငံတော်အဆင့် အောင်ဇေယျ စစ်ဆင်ရေးကို ရိုက်ချိုးနိုင်ဖို့အတွက် တာဝန်ယူတဲ့ ဗိုလ်မှူး ဒါဘောကို ပေးခဲ့တယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိဆုရရှိသူ တပ်မှူး နှစ်ဦးကို ဇူလိုင် ၅ ရက်၊ ကရင်အမျိုးသားတပ်မတော်နေ့က ချီးမြှင့်ဂုဏ်ပြုခဲ့ပြီး ၎င်းတို့နှင့်အတူ စစ်ဆင်ရေးတွင် ရွတ်ရွတ်ချွန်ချွန် တိုက်ပွဲဝင်ခဲ့ကြသော အောင်ပွဲရ စစ်သည်တော် များကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခဲ့ကြောင်း KNU ထံ သိရသည်။