ဧရာဝတီတိုင်းမ်
ဇူလိုင် ၇ ရက်

မိုးလယ်ကာလရောက်ရှိနေချိန်တွင် ချင်းတွင်းမြစ်ရေနှင့် ငဝန်မြစ်ရေသည် ရက်ပိုင်းအတွင်းစိုးရိမ်ရေမှတ်အထိမြင့်တက်လာနိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ထုတ်ပြန်သည်။

မုတ်သုံလေအားကောင်းနေမှုနှင့်အတူ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တိုင်းနှင့်ပြည်နယ်တို့တွင်လာမည့်နှစ်ရက်အတွင်း နေရာကွက်၍ မိုးကြီးမည်ဖြစ်ပြီး မိုးဆက်လက်ထစ်ချုန်းရွာသွန်းနေမည်ဖြစ်ကြောင်းသိရသည်။

လာမည့်ရက်ပိုင်းအတွင်းချင်းတွင်းမြစ်နှင့် ငဝန်မြစ်ရေမြင့်တက်လာနိုင်သဖြင့် ဟုမ္မလင်း၊ ဖောင်းပြင်၊ ကလေးဝ၊ မင်းကင်း၊ ငါးသိုင်းချောင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အချိန်မီရှောင်ရှားနိုင်ရန်လိုအပ်ကြောင်းထုတ်ပြန်ထားသည်။

ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် စိုးရိမ်ရေမှတ်အောက် သုံးပေခန့်တွင်ရောက်ရှိနေပြီး လာမည့်နှစ်ရက်အတွင်းစိုးရိမ်ရေမှတ်ထိရောက်ရှိမည်ဖြစ်ကြောင်း၊ ကလေးဝမြို့တွင် စိုးရိမ်ရေမှတ်အောက် ငါးပေခွဲခန့်ရောက်ရှိနေပြီး လာမည့်သုံးရက်အတွင်း စိုးရိမ်ရေမှတ်ရောက်ရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ချင်းတွင်းမြစ်ရေသည် မင်းကင်းမြို့တွင် စိုးရိမ်ရေမှတ်အောက် ငါးပေခန့်တွင်ရောက်ရှိနေပြီး လာမည့် သုံးရက်အတွင်း စိုးရိမ်ရေမှတ်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့တွင် ငဝန်မြစ်ရေသည် စိုးရိမ်ရေမှတ်အောက် တစ်ပေခန့်တွင်ရောက်ရှိနေပြီး လာမည့်သုံးရက်အတွင်း စိုးရိမ်ရေမှတ်ရောက်ရှိ မည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- မိုးဇလ/ဧရာဝတီတိုင်းမ်