ဧရာဝတီတိုင်းမ်
(ကျောက်ကြီး)၊ ဇူလိုင် ၇ ရက်

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ တောကြောင်ပေါက်ကျေးရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင် ၅ ရက်နေ့က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ ကလေးငယ် နှစ်ဦးအပါအဝင် ‌‌‌‌‌‌‌‌‌‌‌‌‌‌အရပ်သား ခြောက် ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံးထံက သိရသည်။

နတ်သံကွင်းမြို့ရှိ စစ်ကောင်စီတပ်စခန်းမှ စစ်ဘေးရှောင်များ နေထိုင်ရာ စာသင်ကျောင်းသို့ ၁၂၀ မမ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ရာ အရပ်သား ခြောက် ဦးသေဆုံးခဲ့ပြီး သုံးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါဒေသတွင် လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်ခြင်းများကို စစ်ကောင်စီတပ်ဖွဲ့များကသာ လုပ်ဆောင်နေခြင်းဖြစ်ကာ ၎င်းတို့ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်ကျေးရွာဖြစ်ကြောင်းလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောဆိုခဲ့သည်။

ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့သူများမှာ စောကျော်နိုင်ထူး(၁ နှစ်)၊ စောကောင်းသန့်ဇော်(၆ နှစ်)၊ တီးမောင်သံစိန်(၆၅ နှစ်)၊ ညားကြည်မြင့်(၆၄နှစ်)၊ စောကျော်နိုင်ဝင်း(၃၅ နှစ်)၊ မနန်ဦး(၃၀ နှစ်) တို့ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင် ၂ ရက်နေ့ကလည်း ရွှေကျင်အခြေစိုက် ခမရ-၃၅၁ တပ်ရင်း ဆင်မတောင်မှ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ မုန်းမြို့၊ ညောင်ပင်ကုန်းရွာတွင် လာရောက်စစ်ဘေးရှောင်နေသူ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

စစ်ကောင်စီသည် ကရင်အမျိုးသားအစည်းအရုံးအုပ်ချုပ်နယ်မြေ ခလယ်လွီထူခရိုင်အတွင်းရှိ မြို့နယ်များကိုသာမက စစ်ဘေးရှောင်များနေထိုင်ရာနေရာများကိုပါ နေ့စဉ်လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်နေသည့်အတွက် ဒေသခံများမှာ စိုးရိမ်မှုများစွာဖြင့် နေထိုင်နေရကြောင်းလည်း KNU ကထုတ်ပြန်ထားသည်။

ဓာတ်ပုံ – KNU