ဧရာဝတီတိုင်းမ်
ဇူလိုင် ၇ ရက်

စစ်မှုထမ်း အမှတ်စဉ် ၁၂ သင်တန်းဆင်းများကို စစ်ကောင်စီက ရခိုင်စစ်မြေပြင်သို့ ရန်ကုန်နှင့် ပြည်မှနေ ၍ ပို့ဆောင်နေကြောင်း သိရသည်။

ယနေ့ ဇူလိုင် ၇ ရက်နေ့တွင် ဒကစ(ပြည်)နှင့် သန်လျင် ရေတပ်တို့မှနေ၍ စစ်သင်တန်းဆင်းများကို ရခိုင်စစ် မြေပြင်သို့ စစ်ကြောင်းခွဲ၍ ပို့ဆောင်နေကြောင်း တပ်သတင်းရင်းမြစ်များထံမှ သိရသည်။

“ဒကစပြည်ကနေ အပတ်စဉ် ၁၂ ဆင်းတွေကို ရခိုင်ကိုပို့မှာဖြစ်ပါတယ်”ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၄ ရက်နေ့တွင် ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်ရှိ ဂျိုးဖြူ တတက ၁ နှင့် လှည်းကူးမြို့ နယ်ရှိ ဖောင်ကြီး စခတ ၁ တို့တွင် စစ်မှုထမ်းအမှတ် စဉ် ၁၂ သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့သည်။

တပ်မတော်တန်းမြင့်သင်တန်းကျောင်း တတက ၁ မှ စစ်သင်တန်းဆင်း ၄၀၀ ခန့်နှင့် စစ်အခြေခံလေ့ကျင့်ရေးတပ် စခတ ၁ မှ သင်တန်းဆင်း ၂၀၀ ခန့်တို့ကို စစ်သင်တန်းဆင်းပေးပြီး ရခိုင်သို့ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

စစ်မှုထမ်းသင်တန်းဆင်းများပါသည့် စစ်သုံးကားကြီး ၁၀ စီးခန့်ကို သန်လျင်မြို့ ရေတပ်စခန်းဘက်သို့ ပို့ဆောင်ခဲ့ပြီး ထိုမှတစ်ဆင့် ကျောက်ဖြူသို့ ပို့ဆောင်မည်ဖြစ်ကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရသည်။

ဒကစ(ပြည်)မှနေ၍ ပို့ဆောင်မည့် စစ်သင်တန်းဆင်းများကို စစ်ရေးတင်းမာနေသည့် ညောင်ကျိုး၊ညောင်ခြေထောက်စခန်းနှင့် ကပစ ၁၄ တို့ထံတွင် အင်အားဖြည့်အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက လက်ရှိတွင် စစ်သင်တန်း အပတ်စဉ် ၁၅ အထိ ဖွင့်လှစ်ထားပြီး စစ်ကောင်စီစိုးမိုးနယ်မြေများတွင် စစ်သင်တန်းတက်ရောက်ရန်အတွက် လူငယ် လူရွယ်များကို အဓမ္မဖမ်းဆီးမှုများပြုလုပ်နေဆဲဖြစ်သည်။

ယခု ဇူလိုင်ပထမပတ်အတွင်း ရန်ကုန်မြို့မှ မြို့နယ် ၁၂ မြို့တွင် စစ်မှုထမ်းအတွက် လူငယ် ၅၉ ဦးဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

တောင်ဒဂုံ၊ စမ်းချောင်း၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ မရမ်းကုန်း၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ လှိုင်၊ သန်လျင်၊ တောင်ဥက္ကလာ၊ အင်းစိန်နှင့် မြောက်ဒဂုံမြို့နယ်တို့မှ လူငယ်များကို စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စစ်မှုထမ်းအတွက် ဖမ်းဆီးခံရသူ ၂၆ ဦး၊ ပေါ်တာဆွဲခံရသူ နှစ်ဦး၊ လမ်းဘေးထိုင်နေ၍ ဖမ်းခံရသူ သုံးဦး၊ အွန်လိုင်းပေါ်တွင် ဝေဖန်၍ ဖမ်းဆီးခံရသူ တစ်ဦး၊ အကြောင်းအရင်းမရှိ ဖမ်းဆီးခံရသူ တစ်ဦး၊ မသင်္ကာမှုဖြင့် ဖမ်းဆီးခံရသူ ၁၆ ဦး၊ အကြမ်းဖက်မှုဖြင့် ဖမ်းခံရသူ ငါးဦး၊ သတင်းအတိအကျဖြင့် တိုင်ကြား၍ ဖမ်းခံရသူ လေးဦးနှင့် ပျူစောထီးအဖွဲ့နှင့်ရန်ဖြစ်၍ ဖမ်းဆီးခံရသူ တစ်ဦးတို့ပါဝင်ကြောင်း သိရသည်။