
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဌာန(MOHADM) က ယနေ့ ဇူလိုင် ၇ ရက်မှ ၁၃ ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက်ကို ထုတ်ပြန်ကြေညာထားရာ အဆိုပါခန့်မှန်းချက်အရ ဘင်္ဂလားပင်လယ် အော်တွင် မုတ်သုံလေအားကောင်းပြီး လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ကြောင်းနှင့် မြန်မာနိုင်ငံဒေသအများစုတွင် မိုးကြီးနိုင်ကြောင်း သိရသည်။
#ဘင်္ဂလားပင်လယ်အော်အခြေအနေ
တစ်ပတ်တာ မိုးလေဝသ အခြေအနေ အလေးပေးတင်ပြချက်များအနေဖြင့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ် အော်တို့တွင် အနောက်တောင်မုတ်သုံလေသည် အားကောင်းရာမှ အားအလွန်ကောင်း နိုင်ပြီး ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၁) ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားသည်။
#မိုးရွာသွန်းမှုအခြေအနေ
လက်ရှိတွင် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်အနီးတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ် နေပြီး လာမည့် ၂ ရက်မှ ၃ ရက်အတွင်း အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားကာ ဂျက်ခန်းပြည်နယ်နှင့် ချဟာတစ်ဂါပြည်နယ် မြောက်ပိုင်းသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း သိရသည်။
မြန်မာတစ်နိုင်ငံလုံး နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း MOHADM ထံမှ သိရသည်။
စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း (အရှေ့ပိုင်း)၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်မူ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။
လာမည့် ဇူလိုင် ၉ ရက်နေ့တွင် ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်၊ ဇူလိုင် ၁၁၊ ၁၂ ရက်နေ့များတွင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်၊ ဇူလိုင် ၁၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ဇူလိုင် ၁၃ ရက်နေ့တွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည် နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း MOHADM က သတိပေးထားသည်။
#ပင်လယ်ပြင်အခြေအနေ
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တခါတရံ မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် အနောက်-အနောက်တောင်ဘက်မှ တစ်နာရီမိုင် (၃၀) မှ (၃၅) မိုင်ခန့်အထိ တိုက်ခတ်နိုင်ကြောင်း သိရသည်။
ဘေးအန္တရာယ် သတိပေးချက်အနေဖြင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်တပြက်ရေကြီးခြင်း၊ ကမ်းပါးပြိုခြင်းနှင့် မြေပြိုခြင်း စသည့် ဘေးအန္ တရာယ်များ ဖြစ်ပေါ်နိုင်၍ ပြည်သူများအနေဖြင့် အထူးသတိပြုကြရန် NUG၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက အသိပေးတင်ပြထားသည်။