
ဧရာ၀တီတိုင်းမ်
ဇူလိုင် ၇ ရက်
ယနေ့ ဇူလိုင် ၇ ရက်နေ့တွင် ကျရောက်သည့် ဆဲဗင်းဂျူလိုင် ၆၃ နှစ်ပြည့် အထိမ်းအမှတ် အနေဖြင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးရှေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ဦးဆောင်မှုဖြင့် မဟာမိတ်အင်အားစုများ ပါဝင်ကာ “Long Live Students Revolution (ကျောင်းသားထုတော်လှန်ရေး တည်တံ့ပါစေ)” ဟူသော စာတန်းပါသည့် ဘန်နာတစ်ခုကို သွားရောက်ချိတ်ဆွဲခဲ့ကြောင်း သိရသည်။
ထို့ပြင် ချင်းမိုင်တက္ကသိုလ် ၊ အန်ကောရေကန်ဘေး နှင့် မရာ စျေးဝယ်စင်တာရှေ့တို့တွင်လည်း “Long Live Students Solidarity (Thai-Burma Students)” (ထိုင်းနှင့်ဗမာကျောင်းသားများ အကြားသွေးစည်းညီညွတ်မှု အဓွန့်ရှည်ပါစေ) ၊ “Stands with Burma Students Democracy” (ဗမာပြည်ကျောင်းသား၏ ဒီမိုကရေစီ လှုပ်ရှားမှုကို ဝန်းရံပေးပါ) စသည့် ဘန်နာများ ကိုင်ဆောင်၊ ချိတ်ဆွဲ၍ ထိုင်း-ဗမာ ကျောင်းသား သွေးစည်းညီညွတ်ရေးလှုပ်ရှားမှု တစ်ရပ်ကို ဆက်လက် ပြုလုပ်ခဲ့ကြောင်းသိရသည်။
၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ သည် မြန်မာ့သမိုင်းတွင် အမည်းစက်ထင်ခဲ့သည့် နေ့တစ်နေ့ဖြစ်ပြီး ဗိုလ်ချုပ်နေဝင်းဦးဆောင်သော တော်လှန်ရေးကောင်စီအစိုးရ၏ အာဏာသိမ်းမှုအပေါ် ကန့်ကွက် ဆန္ဒပြကြသည့် ရန်ကုန်တက္ကသိုလ်မှ ကျောင်းသူ၊ ကျောင်းသားများကို တက္ကသိုလ်ဝင်းအတွင်း ရက်စက်စွာ ပစ်ခတ်ဖြိုခွင်းခဲ့သည်။
ထိုဖြစ်ရပ်ကြောင့် ကျောင်းသား၊ ကျောင်းသူအများအပြား သေဆုံးဒဏ်ရာရခဲ့ကြပြီး ဇူလိုင်လ ၈ ရက်နေ့ နံနက်အာရုဏ်တက် တွင်မူ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း၏ သက်သေ၊ ကျောင်းသားတို့၏ ရဲရင့်ပြတ်သားမှုကို ပြသခဲ့သည့် သမိုင်းဝင်ကျောင်းသားသမဂ္ဂ(တကသ) အဆောက်အဦကို ဗုံးခွဲ ဖျက်ဆီးခဲ့သည်။
ဤသွေးစွန်းသောနေ့ရက်များသည် မြန်မာ့နိုင်ငံရေးနှင့် ကျောင်းသားလှုပ်ရှားမှုသမိုင်းတွင် အရေးပါသော မှတ်တိုင်တစ်ခုဖြစ်ခဲ့ပြီး ဆဲဗင်းဂျူလိုင်ဟု အတိုကောက်မှတ်သားကာ ကျောင်းသားများနှင့် ပြည်သူ များက နှစ်စဉ် အမှတ်တရ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။
ဤဖြစ်ရပ်သည် စစ်အာဏာရှင်၏ ရိုင်းစိုင်းမှုကို ပြသခဲ့ခြင်းဖြစ်ပြီး၊ ကျောင်းသားထုနှင့် ပြည်သူတို့၏ ဒီမိုကရေစီလိုလားသော စိတ်ဓာတ်ကို ထင်ရှားစေသည့် သမိုင်းသင်ခန်းစာတစ်ခု ဖြစ်သည်။
ဓာတ်ပုံ-ကောင်းကောင်း