
ဧရာဝတီတိုင်းမ်
(မိုးဗြဲ)၊ ဇူလိုင် ၇ ရက်
အာဏာသိမ်း စစ်ကောင်စီက ရှမ်း-ကရင်နီနယ်စပ်ရှိ မိုးဗြဲမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး နယ်မြေရှင်းလင်းရေးလုပ်ငန်းများလုပ်ဆောင်နေကြောင်း ယနေ့ ဇူလိုင် ၇ ရက်နေ့တွင် ၎င်းတို့လက်အောက်ခံမီဒီယာများကတဆင့် ထုတ်ပြန်ပြောဆိုခဲ့သည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာမှ စတင်ကာ PNO ပြည်သူ့စစ်များနှင့် ပူးပေါင်းကာ စစ်အင်အားထောင်ချီအသုံးပြု၍ မိုးဗြဲမြို့နှင့် လွိုင်ကော်-မိုးဗြဲ-ပင်လောင်း လမ်းမကြီးတစ်လျှောက်ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့များမှာ မိုးဗြဲမြို့ပေါ်ရပ်ကွက်များတွင် တပ်စွဲထားပြီး မိုးဗြဲ-ပင်လောင်းလမ်းတစ်လျှောက်တွင်လည်း နေရာယူမှုများရှိကာ မိုးဗြဲမြို့ပေါ်ရှိဒေသခံနေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်းလည်း သိရသည်။
“စစ်ကောင်စီက မိုးဗြဲမြို့ထဲမှာ ပြည်သူနေအိမ်တွေကို မီးရှို့နေပါတယ်။ မီးရှို့ခံရတဲ့အိမ် က (၂၀) ကျော်ပါတယ်” ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင်စစ်ကောင်စီက မိုးဗြဲတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် KNDF၊ PDF တပ်ဖွဲ့များအပါအဝင် Free Burma Rangerအဖွဲ့ နှင့် ဆေးကုသရေးအဖွဲ့များကိုပါ အပြီးတိုင်ချေမှုန်းသုတ်သင်ခဲ့ကြောင်း ၎င်းတို့လက်ဝေခံဝါဒဖြန့်မီဒီယာမှတဆင့် ပြောဆိုခဲ့သည်။
စစ်ကောင်စီသည် မိုးဗြဲမြို့ပြန်လည်ရရှိရေးအတွက် မြေပြင်စစ်ကြောင်းအပါအဝင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ အဆိပ်ငွေ့ဗုံးများကြဲချခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း နှင့် နေအိမ်မီးရှို့ခြင်းတို့ကို ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။
လက်ရှိတွင် မိုးဗြဲမြို့ကို စစ်ကောင်စီမှပြန်လည်ထိန်းချုပ်ကြောင်း ပြောဆိုချက်နှင့် ပတ်သက်၍ တော်လှန်ရေးအင်အားစုများဘက်မှ အတိအကျထုတ်ပြန်ခြင်းမရှိသေးပဲ လနှင့်ချီကြာမြင့်ခဲ့သည့် မိုးဗြဲတိုက်ပွဲတွင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်အများအပြား ကျဆုံးခဲ့ရကြောင်း ၎င်းတို့သက်ဆိုင်ရာတပ်ရင်း၊ တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဓာတ်ပုံ – စစ်ကောင်စီမီဒီယာ