
ဧရာဝတီတိုင်းမ်
ဇူလိုင် ၇ ရက်
ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ် ၊ ချောင်း၀ ဆိပ်ကမ်းတွင် ယခုလအစပိုင်းမှစ၍ ရေယာဥ်များမှ ကုန်ပစ္စည်းများကို ကန့်သတ်စစ်ဆေးမှုများပိုမိုတင်းကြပ်လာကြောင်း သိရသည်။
ကျေးရွာသို့ ဆိုက်ကပ်သောရေယာဥ်များကို ထိပ်စွန်းကျေးရွာရှိစစ်ကောင်စီတပ်၊ရဲ ၊ ကျေးရွာပြည်သူ့စစ်၊ မီးသတ်များက စုပေါင်းစစ်ဆေးနေခြင်းဖြစ်ပြီး အချ်ို့ကုန်ပစ္စည်းများကို သိမ်းယူနေကြောင်း ဒေသခံများကပြောသည်။
“စားသောက်ကုန်နဲ့ လျှပ်စစ်ပစ္စည်းတွေ၊ ကုန်စိမ်းတွေကအစ ပုသိမ်မှာလာပို့တဲ့သူရဲ့ ကိုယ်ရေးအချက်အလက်ပေးရတဲ့အပြင် ချောင်း၀မှာ လာယူတဲ့သူရဲ့ အချက်အလက်ပါပေးရတယ် မရှိရင်
သိမ်းယူတာတွေလုပ်နေတယ်”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ချောင်း၀ကျေးရွာဆိပ်ကမ်းသည် အချက်အခြာကြပြီး အဆိုပါဆိပ်ကမ်းမှတစ်ဆင့် ပြင်ခရိုင်၊ ဒီးဒူးကုန်း၊ ကျောက်ကလပ် စသည့် ပင်လယ်အ၀ကျေးရွာများသိုသွားလာနိုင်သောကြောင့် ယခုကဲ့သို့ တားဆီးစစ်ဆေးမှုများကြာင့် ကုန်ပစ္စည်းသယ်ယူရန် အခက်အခဲတွေ့နေရကြောင်း ဒေသခံများမှပြောသည်။
ဧရာ၀တီတိုင်းရှိ ငါးသိုင်းချောင်း၊ လေးမျက်နှာမြို့နယ်များတွင် အာရက္ခတပ်တော်AA ပူးပေါင်းတပ်များနှင့်စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီမှ ကုန်သယ်ယူခွင့်ကန့်သတ်ခြင်း၊ လုပ်ငန်းရှင်များကို ထောက်ပံသည်ဟု စွပ်စွဲကာဖမ်းဆီးမှုများဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။