
ဧရာ၀တီတိုင်းမ်
(ပဲခူး)၊ ဇူလိုင် ၇ ရက်
ပဲခူးတိုင်း၊ ဘုရားကြီးမြို့ရှိ ဝင်္ဂဘော်ဆင်စခန်းတွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လက မွေးဖွားခဲ့သော ရှားပါးဆင်အမြွှာလေးများအနက် အသက် ၁၁ လအရွယ် အငယ်ကောင် ဆင်ကလေး ကျော်ပုလဲသည် ကျောရိုး၊ မြီးခုံရိုးဆစ်များ လွဲဟကာ ကျောရိုးမကြီး၏ အာရုံကြောများ ဖိမိ၍ အောက်ပိုင်းသေနေခဲ့ရာမှ ဒဏ်ရာပြင်းထန်မှုကြောင့် ခွဲစိတ်ကုသပင် မပြုနိုင်ဘဲ သေဆုံးသွားကြောင်း သိရသည်။
ဆင်ကလေး ကျော်ပုလဲမှာ ယမန်နေ့ ဇူလိုင် ၆ ရက်နေ့ မနက်ပိုင်း တွင် သေဆုံးသွားခြင်းဖြစ်ပြီး ခန္ဓာကိုယ်ကို ခွဲစိတ်စစ်ဆေးရာမှ အဆိုပါ ပြင်းထန်သော ဒဏ်ရာများကို တွေ့ရှိခဲ့ရသည်။
အောက်ပိုင်းသေနေချိန်တွင် ခွဲစိတ်ကုသရန် ပြင်ဆင်ခဲ့သော်လည်း ၎င်း၏ အသက်အရွယ်အရ မေ့ဆေးဒဏ်၊ ခွဲစိတ်မှုဒဏ်များကို မခံနိုင်သည့်အတွက် ခွဲစိတ်မှုမလုပ်လိုက်ရဘဲ သေဆုံးသွားခြင်း ဖြစ်ကြောင်း ဝင်္ဂဘော်ဆင်စခန်းက ထုတ်ပြန်ခဲ့သည်။
ဆင်ကလေး ကျော်ပုလဲကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် အသက် ၂၁ နှစ်အရွယ် မိခင်ဆင်မကြီး ပုလဲစန္ဒာ က ဆင်မလေး ပုလဲဆင့် နှင့်အတူ ပထမဆုံးအကြိမ် အမြွှာမွေးဖွားခဲ့ခြင်းဖြစ်ပြီး ဆင်အမြွှာမွေးဖွား ခြင်းသည် အလွန်ရှားပါးသည့် ဖြစ်ရပ်တစ်ခုဖြစ်ကာ ဆင်မွေးဖွားမှုအားလုံး၏ ၁ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း သိရသည်။
မွေးဖွားပြီးနောက် ဆင်စခန်းတွင် အစ်မဖြစ်သူ ပုလဲဆင့်နှင့်အတူ ကျန်းမာပျော်ရွှင်စွာ နေထိုင်ခဲ့ကြပြီး စခန်းသို့ လာရောက်လည်ပတ်သည့် ခရီးသွားပြည်သူများ၏ ချစ်ခင်မှုကိုလည်း ရရှိခဲ့သည်။ ၎င်းတို့ မွေးဖွားစဉ်က အရပ်အနည်း ငယ်နိမ့်သဖြင့် မိခင်ဆင်မကြီး၏ နို့ကို စို့ရန်အတွက် အခုအခံခုံ ပြုလုပ် ပေးခဲ့ရပြီး နို့မှုန့်တိုက်ကျွေးကာ မွေးမြူခဲ့ရကြောင်း ဝင်္ဂဘော်ဆင်စခန်းထံမှ သိရသည်။
သို့သော်လည်း ပြီးခဲ့သည့် မေလညဦးပိုင်းတွင် ဆင်စခန်း၌ ခွေးဟောင်သံ၊ ဆင်ကလေး အော်သံကြားပြီးနောက် မိခင်ဆင်မကြီး ပုလဲစန္ဒာက ရုတ်တရက် ထလိုက်ချိန်တွင် အနီးမှာ အိပ်ပျော်နေသည့် ဆင်ကလေး ကျော်ပုလဲကို မတော်တဆ တက်နင်းမိခဲ့ခြင်းကြောင့် အောက်ပိုင်း သေဆုံးရခြင်းဖြစ်ကြောင်း စခန်း၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ခွေးတွေ ရုတ်တရက်ဟောင်တဲ့အတွက် မေမေဆင်မကြီးဟာ အိပ်နေရင်း ကလေးတွေကို ကာကွယ်လို စိတ်နဲ့ ရုတ်တရက် နောက်ခြေအားယူထလိုက်တာ မေမေ့အနားအိပ်ပျော်နေတဲ့ ကျော်ပုလဲလေးရဲ့ ကျောနဲ့ တင်ပါးဆုံပိုင်းကို ခြေထောက်နဲ့ ပြင်းပြင်းထန်ထန် ထိခိုက်မိပါတယ်” ဟု ဝင်္ဂဘော်ဆင်စခန်း က ဆိုသည်။
ထိုဖြစ်ရပ်နောက်ပိုင်းတွင် ဆင်ကလေး ကျော်ပုလဲသည် အောက်ပိုင်းသေသွားသည့် ဒဏ်ရာဖြင့် ဒရွတ်တိုက် သွားလာနေခဲ့ရပြီး အနာသက်သာစေရန် ဆေးမျိုးစုံ ကုသပေးခဲ့သော်လည်း နှစ်လကျော် အကြာတွင် အသက်ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။
သေဆုံးသွားသော ဆင်ကလေး ကျော်ပုလဲကို မြေမြှုပ်သင်္ဂြိုဟ်ပြီး အုတ်ဂူ တည်ဆောက်ထား ရှိမည်ဖြစ်ကြောင်း သိရသည်။
ဆင်များကို အပြည်ပြည်ဆိုင်ရာ သဘာဝအရင်းအမြစ်များ ထိန်းသိမ်းရေးအဖွဲ့ (IUCN) က မျိုးသုဉ်းရန် အန္တရာယ်ရှိသော မျိုးစိတ်အဖြစ် သတ်မှတ်ထားပြီး မြန်မာနိုင်ငံတွင် ဆင်ကို လုံးဝကာကွယ်ရသည့် စာရင်းတွင် ထည့်သွင်းထိန်းသိမ်းထားသည်။
ဆင်တစ်ကောင်သည် ၁၀ နှစ်တွင် အရွယ်ရောက်ပြီး ခန္ဓာကိုယ်အလေးချိန် ပေါင် တစ်သောင်းကျော် ရှိကာ၊ ဆင်အမများသည် ကိုယ်ဝန်ဆောင်ကာလ ၁ နှစ် ၁၀ လ ကြာတတ်ပြီး ဆင်များ၏ သက်တမ်းမှာ နှစ် ၈၀ ဖြစ်ကြောင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ သိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ် ၊ ဝင်္ဂဘော်ဆင်စခန်း