
ဧရာဝတီတိုင်းမ်
ဇူလိုင် ၇ ရက်
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ခရီးသည်တင် Express ယာဉ်တစ်စီးမှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ နေအိမ်ကို ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မော်လမြိုင်မြို့ပေါ်၊ မဟာမြိုင်ရပ်ကွက်၊ မြို့ရှောင်လမ်းပေါ်တွင် ယမန်နေ့ ဇူလိုင် ၆ ရက်နေ့ ည၁၀ နာရီ ခန့်က အရှိန်ဖြင့်မောင်းလာသည့် ခရီးသည်တင်ယာဉ်မှ နေအိမ်ကို ဝင်ရောက်တိုက်မိပြီး ယာဉ်မောင်းညှပ် နေသဖြင့် ဒေသကယ်ဆယ်ရေးအဖွဲ့များက ကယ်ထုတ်ခဲ့ကြကြောင်း သိရသည်။
“ခရီးသည်တင်ကားပေါ်က ကားသမားကညှပ်နေပြီး ယာဉ်ပေါ်ပါနှစ်ယောက်ဒဏ်ရာရတယ်။ ကားပေါ်မှာ ခရီးသည်တွေတော့မပါဘူး။ အရှိန်ကအရမ်းကိုများတယ် ပြိုင်ကားလိုမောင်းလာတာ”ဟု ဒေသကယ် ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အရှိန်ပြင်းမောင်းနှင်လာသည့် Express သည် ဆောင်းမြို့သူယာဉ်လိုင်းမှဖြစ်ပြီး နေပြည်တော်-ရေးပြေးဆွဲနေသည့် ယာဉ်လိုင်းဖြစ်ကြောင်း သိရသည်။
Express ယာဉ်ပေါ်မှ ဒဏ်ရာရသူနှစ်ဦးကို ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှင့် ရာမညအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့မှ မော်လမြိုင်ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။
ဓာတ်ပုံ-ဘိုဘို၀င်း Recuse
ပုံစာ-နေအိမ်အားဝင်တိုက်ခဲ့သည့် ဆောင်းမြို့သူ Express ယာဉ်အားတွေ့ရစဉ်။