
ဧရာဝတီတိုင်းမ်
ဇူလိုင် ၆ ရက်
ဖားကန့်ဒေသတစ်ခုလုံးကို စိုးမိုးမှုရယူနိုင်ရန် စစ်ကောင်စီက စစ်ကြောင်းသုံးကြောင်းခွဲ၍ ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။
ဖားကန့်မြို့နယ်တွင်ရှိသည့် မှော်မောင်းလျှံရွာဘက်တွင် ယမန်နေ့ ဇူလိုင် ၅ ရက်နေ့အထိ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုများ ပစ်ပွားခဲ့ပြီး အေးမြသာယာအပိုင်း အမှိုက်ပုံရွာ၊ မှော်ဝမ်းကြီး၊ မှော်ဝမ်း လေးဘက်တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
“တိုက်ပွဲက ဖားကန့်မှော်တွေနဲ့ ကျေးရွာတွေဘက်မှာ တိုက်ပွဲဖြစ်နေတယ်။ မှော်မောင်းလျှံကို စစ်တပ်က စီးမိသလောက်ရှိနေပြီ။ ဒီနေ့မနက်ပိုင်းအထိ ပစ်ခတ်သံတွေ ကြားရတုန်းပဲ”ဟု ဒေသခံတစ်ဦးက ဧရာဝတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် စစ်ရေးအရ အရေးပါသည့် လမောင်ကုန်း၊ မော်မောဘွမ့်နှစ်နေရာကို ပြန်လည် ရယူရန်အတွက် စစ် ကြောင်းသုံးကြောင်းခွဲ၍ ထိုးစစ်ဆင်လာကြောင်း သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင် ၄ ရက်နေ့ကစပြီး မော်မောဘွမ့်၊ အမှိုက်ပုံကျေးရွာ၊ မော်မောဘွမ့် လမ်းမကြီး၏ အနောက်ဘက်စသည်တို့မှ စစ်အင်အားအလုံးအရင်းသုံး၍ စစ်ကြောင်းထိုးလာ ခြင်းဖြစ်ကာ အင်မိုင်းယန်၊ ရှရော်ခ၊ တောင်ပြိုစသည့်ကျေးရွာများတွင်လည်း စစ်ရေးတင်းမာနေသည့် အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
မှော်မောင်းလျှံဘက်၌ ယမန်နေ့ ကတည်းက လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်နေပြီး ညပိုင်းတွင် စစ်ကောင်စီကပစ်ခတ်သည့် ဒရုန်းဗုံးသီး ၁၂၀ မမ အမြောက်ဆံများ ကျရောက်ပေါက်ကွဲပြီး လက်နက်ကြီးအစများ လွင့်စင်လာသည့် အတွက် ဒေသခံများ ပုန်းအောင်းနေရကြောင်း သိရသည်။
ဖားကန့်မြို့ အေးသာယာအုပ်စုအပိုင်းတွင် ဒေသခံနှစ်ဦး လက်နက်ကြီးထိမှန်သေဆုံးပြီး အလောင်း ကောက်ယူနိုင်ခြင်းမရှိသေးသလို စစ်ကောင်စီသည် ဖားကန့်မြို့ကို ထိန်းချုပ်နိုင်ရန်အတွက် အင်အား ၁၀၀၀ ခန့် အသုံးပြုလာပြီး ဖားကန့်မြို့အတွင်းရှိ နေအိမ်အချို့တွင်ပါ တပ်စွဲနေထိုင်မှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။
ပုံစာ- တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဖားကန့်ဒေသခံများ