ဧရာဝတီတိုင်းမ်
ဇူလိုင် ၅ ရက်

မြန်မာစစ်ကောင်စီရဲ့ ကန့်ကွက်မှုရှိလင့်ကစား ၁၁ နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင်ဖြစ်လာတဲ့ တီ မောလက်စတီနိုင်ငံကို ထိုင်းနိုင်ငံက ထောက်ခံမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဉီးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Bolbongse Vangphaen က အပတ်စဉ်ရှင်းလင်းပွဲမှာ ထိုင်းနိုင်ငံရဲ့ တရားဝင် ရပ်တည်ချက်ကို အခုလို ပြောကြားခဲ့ တာပါ။

ထိုင်းနိုင်ငံရဲ့ တရားဝင် ရပ်တည်ချက်ဟာ မေလအတွင်း အာဆီယံခေါင်းဆောင်တွေ ထောက်ခံခဲ့ တဲ့ ဆုံးဖြတ်ချက်တွေနဲ့အညီဖြစ်ကြောင်း၊ အာဆီယံနိုင်ငံအချို့က စိုးရိမ်မှုတွေရှိခဲ့ပေမယ့် ယခုနှစ် အာဆီ ယံအဖွဲ့ဥက္ကဌ မလေးရှားနိုင်ငံရဲ့ ခေါင်းဆောင်မှုအောက်မှာ ပြဿနာကို ဖြေရှင်းနေတယ်လို့ သူက ဆိုပါ တယ်။

“မြန်မာနဲ့ တီမောလက်စတီကြား ပြဿနာကို စေ့စပ်ညှိနှိုင်းပြီး ဖြေရှင်းရာမှာ ဒီနှစ် အာဆီယံအ ဖွဲ့ဥက္ကဌရဲ့ အခန်းကဏ္ဍဖြစ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

ဒေသတွင်းနဲ့ ကမ္ဘာ့စိန်ခေါ်မှုတွေ ဖြေရှင်းကာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ အာဆီယံနဲ့ ဆွေး နွေးဘက်မိတ်ဖက်တွေအတွက် ပလက်ဖောင်းတစ်ခုဖြစ်တဲ့ ၅၈ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန် ကြီးများ အစည်းအဝေးကို ဇူလိုင်လ ၈ ရက်မှ ၁၁ ရက်အထိ ကွာလာလမ်ပူမြို့မှာ ကျင်းပမှာဖြစ်ပါတယ်။

အောက်တိုဘာလအတွင်းပြုလုပ်မယ့် ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ တီမော လက်စတီနိုင်ငံကို ၁၁ နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင်အဖြစ် ခွင့်ပြုမယ်လို့ မေလနှောင်းပိုင်းမှာကျင်းပတဲ့ ၄၆ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ အာဆီယံခေါင်းဆောင်တွေက သဘောတူခဲ့ပါတယ်။

တီမောလက်စတီနိုင်ငံဟာ အာဆီယံအဖွဲ့ရဲ့ အခြားပြည်တွင်းရေး မစွက်ဖက်ရေးမူကို မလိုက်နာ ဟုဆိုကာ တင်းပြည့် အာဆီယံအဖွဲ့ဝင်ဖြစ်ရေးကို မြန်မာစစ်ကောင်စီက ကန့်ကွက်ခဲ့တယ်လို့ Thai PBS World ရဲ့ သတင်းတစ်ပုဒ်က ဖော်ပြခဲ့ပါတယ်။

တီမောလက်စတီ သို့မဟုတ် အရှေ့တီမောနိုင်ငံဟာ ၂၄ နှစ်ကြာ သိမ်းပိုက်ခံရပြီးနောက် ၂၀၀၂ ခု နှစ်မှာ အင်ဒိုနီးရှားထံမှ လွတ်လပ်ရေးရရှိခဲ့တဲ့ အာဆီယံဒေသရဲ့ သက်တမ်းအနုဆုံးတိုင်းပြည် ဖြစ်ပါ တယ်။

ကိုးကား – Bangkok Post
Ref; Thailand backs Timor-Leste