ဧရာဝတီတိုင်းမ်
ဇူလိုင် ၅ ရက်

ထိုင်း-မြန်မာနယ်စပ်ရှိ မဲခေါင်မြစ်ရေမြင့်တက်လာမှုကြောင့် ထိုင်းနိုင်ငံရှိ ခရိုင်အများအပြားတွင် ရေကြီး၊ ရေလျှံမှုများ ဖြစ်လာနိုင်ပြီး အစိုးရတာဝန်ရှိသူများက မြစ်ရေမြင့်တက်လာမှုကို အနီးကပ် စောင့်ကြည့်နေကြောင်း ထိုင်းသတင်းဌာနများထံမှ သိရသည်။

အလားတူ မဲခေါင်မြစ်၏ မြစ်လက်တက်တစ်ခုဖြစ်သည့် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့ရှိ မြေနိမ့်ပိုင်းရပ်ကွက်များသို့ ရေဝင်ရောက်မှုများရှိလာပြီး စိုးရိမ်ရေအမှတ်ကျော်လာနိုင်သည့် အတွက် သတိဖြင့်နေထိုင်ကြရန် သက်ဆိုင်ရာမှ သတိပေးမှုများ ရှိနေသည်။

ထိုင်းနိုင်ငံတွင် ဇူလိုင် ၆ ရက်မှ ၁၂ ရက်အတွင်း မိုးကြီးနိုင်ကြောင်းသတိပေးချက်များကို တာဝန်ရှိသူများကထုတ်ပြန်ထားပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်လာနိုင်ပြီး မြစ်နှင့်နီးရာ မြေနိမ့်ပိုင်းဒေသများတွင် ရုတ်တရက်ရေမြင့်တက်မှုများကြုံလာနိုင်ကြောင်းလည်း သတိပေးချက်များ ထုတ်ပြန်ထားသည်။

တောင်တရုတ်ပင်လယ်မှ အပူပိုင်းမုန်တိုင်းငယ်သည် အပူပိုင်းမုန်တိုင်း”ဒန်နက်စ်” အဖြစ်အားကောင်းလာသည့် အတွက် ထိုင်းနိုင်ငံတွင်လည်း အနောက်တောင်မုတ်သုံလေ ပိုမိုအားကောင်းလာပြီး နိုင်ငံအနှံ့အပြားနေရာကွက်ကျား မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း နှင့် အရှေ့ပိုင်းဒေသများတွင် မိုးသည်း ထန်စွာရွာသွန်းမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းမြောက်ပိုင်းတွင်မြစ်ရေကြီးမှုအန္တရာယ်များကြောင့် ဒေသခံများအနေဖြင့် တရားဝင်မိုးလေဝသ သတင်းများကို စောင့်ကြည့်ရန်၊ မြစ်ချောင်းများ၊ ရေလှောင်တမံများ၊ တောင်များနှင့် ရေလွှမ်းမိုးလေ့ရှိသည့် ဒေသများတွင် နေထိုင်သူများအနေဖြင့် အရေးပေါ် ရွှေ့ပြောင်းနိုင်ရန် ပြင်ဆင်ထားသင့်ကြောင်း အသိပေးထားသည်။

ကိုးကား – The Nation Thailand