နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၅ ရက်

မြန်မာ-ထိုင်းနယ်စပ်ရှိ ကျားဖြန့်(ခ)အွန်လိုင်းလိမ်လည်ဂိုဏ်းများကို နှိမ်နင်းနိုင်ရေးအတွက် သုံးနိုင်ငံ ဥပဒေများဖြင့် ကိုင်တွယ်ဆောင်ရွက်သွားရန် တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် စစ်ကောင်စီ တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း ၎င်းတို့ထုတ်ပြန်ချက်များအရ သိရသည်။

ထိုအတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်သူ့လုံခြုံရေး ဒုဝန်ကြီး မစ္စတာလျှိုကျုံးရီနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် မစ္စတာဒူစစ်မေနဖန်တို့ နေပြည်တော်ကို ယခုရက်ပိုင်း ရောက်ရှိ လာပြီး သီးခြားတွေ့ဆုံသလို သုံးနိုင်ငံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းမတိုင်ခင် တရုတ်ပြည်သူ့လုံခြုံရေး ဒုဝန်ကြီးသည် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သလို ယခုနှစ် ဖေဖော်ဝါရီအတွင်းကလည်း တစ်ကြိမ်တွေ့ဆုံခဲ့ပြီး နောက်ပိုင်းတွင် ကျားဖြန့်နှိမ်နင်းရေး စတင်လာခဲ့ကြောင်း လေ့လာစောင့်ကြည့်သူတစ်ဦးက ဆိုသည်။

“ရွှေကုက္ကိုလ်ဒေသက လူ ၅ သောင်းကျော် ဖမ်းဆီးနှင်နိုင်တယ်။ ဒါပေမယ့် ကျားဖြန့်က အမြစ်ပြတ် မသွားဘူး။ တနည်းတဖုံ ဆက်ရှိနေတယ်။ ဒီအတွက် ဆက်လက်ညှိနှိုင်းတယ်လို့ ယူဆရတယ်” ဟု ကျားဖြန့်နှင့်ပတ်သက်၍ လေ့လာစောင့်ကြည့်နေသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုသို့ ကျားဖြန့်နှိမ်နင်းနိုင်ရေး ယမန်နေ့ ဇူလိုင် ၄ ရက်က သုံးနိုင်ငံ ဒုတိယအကြိမ် အစည်းအဝေး ပြုလုပ်ရာ၌ တရုတ်-မြန်မာ-ထိုင်းနိုင်ငံကြား သက်ဆိုင်ရာပြည်တွင်း ဥပဒေများနှင့်အညီ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

နေပြည်တော်ကို ရောက်ရှိလာသည့် အဆိုပါနှစ်ဦးအနက် ပြည်သူ့လုံခြုံရေး ဒုဝန်ကြီးနှင့် စစ်ကောင်စီခန့် ဒု-ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့သည် ဇူလိုင် ၃ ရက်တွင် သီးခြားတွေ့ဆုံရာတွင် ဥပဒေကိစ္စ ထည့်သွင်းဆွေနွေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ နယ်စပ်တစ်လျှောက်ရှိ ကျားဖြန့်ဂိုဏ်း များကို နှိမ်နင်းနိုင်ရန် ဥပဒေရေးရာနှင့် နှစ်နိုင်ငံသက်ဆိုင်ရာဌာနများကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ်နှင့် တွေ့ဆုံရာတွင်လည်း နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံက ကျားဖြန့်အရေးနှင့် ပတ်သက်၍ ကိုင်တွယ်နိုင်ရန် ဘဏ်များ၊ ဗီဇာများကို ပိုမိုတင်းကျပ်လာ၍ မြန်မာနိုင်ငံဘက်တွင်မူ တရားဥပဒေ မစိုးမိုးနိုင်သည့် ဒေသအများအပြား ရှိနေ ကြောင်း လေ့လာစောင့်ကြည့်သူက သုံးသပ်သည်။

ဓာတ်ပုံ- စစ်ကောင်စီ