
ဧရာဝတီတိုင်းမ်
(မလေးရှား)၊ ဇူလိုင် ၅ ရက်
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ နှစ်နေရာတွင် ပတ်ဝန်းကျင် ဆူပူမှုကြောင့် တိုင်ကြားခံရသည့် အတွက် အထောက်ထားမဲ့ ရွှေ့ပြောင်းမြန်မာလုပ်သား ၁၀၀ ကျော် ဖမ်းဆီးခံရကြောင်း လူမူကူညီရေး ဆောင်ရွက်ပေးသူထံမှ သိရသည်။
မြန်မာရွှေ့ပြောင်းလုပ်သားများ နေထိုင်ကြသည် ကွာလာလမ်ပူမြို့၊ ချရပ်ကို ပြီးခဲ့သည့် ဇူလိုင် ၂ ရက်နေ့၊ ည ၁၁ နာရီဝန်းကျင်တွင် ရဲတပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးဌာနတို့က ဝင်ရောက်စစ်ဆေးခဲ့ပြီး မြန်မာ ၁၁၀ ဦး ဖမ်းဆီးခံရသည်။
“အရက်သောက်စား၊ မူးရူးပြီး အော်ဟစ်သောင်းကျန်းလို့ ပတ်ဝန်းကျင်က တိုင်ကြားတဲ့အတွက် အာဏာပိုင်တွေက စစ်ဆေးတာပါ။ အဲ့ဒီလိုစစ်ဆေးစဥ် အထောက်အထားအပြည့်စုံ မပြနိုင်တဲ့သူတွေက ဖမ်းဆီးခံရတာပါ။ မြန်မာအမျိုးသား၊ အမျိုးသမီး ၁၁၀ ယောက်လောက် အဖမ်းခံရပါတယ်” ဟု လူမှု ကူညီရေးဆောင်ရွက်ပေးသူမြန်မာတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့သို့ ဖမ်းဆီးခံရသည့်နေရာတွင်ပင် ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့ ညပိုင်းကလည်း ရဲတပ်ဖွဲ့ဝင်များနှင့် လူဝင်မှုကြီးကြပ် ရေးဌာနတို့မှ ပထမအကြိမ် စစ်ဆေးခဲ့ပြီး အထောက်အထားမဲ့ ရွှေ့ပြောင်းမြန်မာ လုပ်သား ၄၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။
“ပထမအကြိမ် လာစစ်ဆေးတုန်းက တိုင်ကြားခံရတဲ့ တိုက်ခန်းတွေကိုပဲ ဝင်သွားတာပါ။ အဲ့ဒီမှာ အထောက်အထားမဲ့ မြန်မာ ၄၀ ကျော်ဖမ်းဆီးသွားတယ်။ အခုကတော့ အနီးအနားက တိုက်ခန်းတွေမှာ ထပ်ပြီး အကုန်စစ်ဆေးသွားတာပါ။ အဲ့ဒီမှာထပ်အဖမ်းခံရတာဖြစ်ပါတယ်” ဟု လူမှုကူညီရေး ဆောင်ရွက်ပေးသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလားတူ ဇူလိုင်လ ၁ ရက်နေ့ကလည်း ကွာလာလမ်ပူမြို့၊ ဂျလန်လောယူးတွင် ချင်းလူမျိုး အများစု နေထိုင်သည့် တိုက်ခန်းတွင် တိုင်ကြားချက်ကြောင့် ရဲတပ်ဖွဲ့နှင့် လဝကမှ ဝင်ရောက်စစ်ဆေးပြီး ချင်းလူမျိုး ၄၂ ဦး ဖမ်းဆီးခံခဲ့ရသည်။
“ညဘက်တွေမှာ အရက်သောက်ပြီး အော်ဟစ်ဆဲဆို၊ ရန်ဖြစ်လို့ တိုက်ကြားချက်နဲ့ ဝင်စစ်ဆေးသွား တာပါ။ ဒုက္ခသည်ကတ် ကိုင်ဆောင်သူတွေကိုတော့ မဖမ်းဘူး။ ဘာမှအထောက်အထားမရှိတဲ့သူတွေကို ဖမ်းဆီးသွားပါတယ်။ ချင်းလူမျိုးတွေချည်း ၄၂ ယောက်ပါသွားတယ်”ဟု ချင်းအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖမ်းဆီးခံရသည့် ချင်းလူမျိုးများသည် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှဖြစ်ပြီး ၎င်းတို့အများစုသည် UNCHR တွင် ဒုက္ခသည်အဖြစ်လျှောက်ထားဆဲသူများဖြစ်သည်။
ဖမ်းဆီးခံရသူများအားလုံးကို ဆက်လက်အရေးယူဆောင်ရွက်နိုင်ရန် ကွာလာလမ်ပူမြို့၊ လူဝင်မှု ကြီးကြပ်ရေးဌာန (ဘူကစ်ဂျာလီ) ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။
ပုံစာ- ယမန်နေ့ည ကွာလာလမ်ပူမြို့၊ ချရပ်တွင် အာဏာပိုင်များမှ ဖမ်းဆီးသည့်မြင်ကွင်းများကို တွေ့ရစဥ်။ (လူမှုကွန်ရက်)