ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇူလိုင် ၅ ရက်

တနင်္သာရီ တိုင်း ၊ ကော့သောင်းမြို့နယ် တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး နှင့် သတင်းပေး တစ်ဦးတို့ကို ဇူလိုင် ၂ ရက် နံနက်ပိုင်းက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံမှသိရသည်။

မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးရောင်းချနေပြီး တော်လှန်ရေးအင်အားစုများ၏ သတင်းကို စစ်ကောင်စီ ထံပေးပို့နေသည့် ချောကလက် (ခ) မြင့်ရှိန် ကို ဇူလိုင် ၂ ရက် နံနက်တွင် ၎င်း ၏နေအိမ်တွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်းသိရသည်။

ယင်းအပြင် ခမောက်ကြီးမြို့နယ်၊ ဆိပ်ဖူးကျေးရွာမှ စစ်ကောင်စီခန့် ကျေးရွာ အုပ်ချုပ်ရေးမှူး လှနိုင် ကိုလည်း ဇူလိုင် ၂ ရက် နံနက် ၁၁ နာရီ ၅၀မိနစ်ခန့်တွင် ထပ်မံပစ်ခတ်ရှင်းလင်းခဲ့ကြောင်းသိရသည်။

“မြင့်ရှိန်က ခမောက်ကြီး ကနေပြီး အေးချမ်းသာရွာကို ပြောင်းလာတာ သုံးနှစ်လောက်ပဲရှိသေးတယ်။သူက စစ်ကောင်စီတပ်တွေနဲ့ ပေါင်းပြီး မူးယစ်ဆေးဝါးကို အဓိကဖြန့်ဖြူးရောင်းချတယ်။ပြီးတော့ တော်လှန်ရေး အင်အားစုတွေရဲ့ သတင်းအချက်အလက်တွေကို စုဆောင်းပြီး စစ်တပ်ကိုပို့ပေးတယ်။သတိပေးတားမြစ် တာကိုလည်း မလိုက်နာဘူး။ဒါကြောင့် သူ့ရဲ့နေအိမ်မှာပဲ့ သွားရောက်ပစ်သတ်ခဲ့တယ်။စစ်ကောင်စီ ခန့်အုပ်ချုပ်ရေးမှူး ကိုလည်းသတင်းပေးမလုပ်ဖို့အကြိမ်ကြိမ်သတိပေးတယ်။အဲဒါကိုသူ ဆက်လုပ်တယ်။ဒါကြောင့် ဆိုင်ကယ်နဲ့လာနေတုန်းမှာလှမ်းတားလိုက်တယ်။စာသင်ကျောင်း နဲ့မလှမ်းမကမ်း ကားလမ်းမပေါ်မှာပဲ့ပစ်သတ်ခဲ့တယ်” ဟု ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုတိုက်ဂါး က ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကော့သောင်းမြို့နယ် နှင့် ခမောက်ကြီးမြို့နယ် အတွင်း နေထိုင်ကြသော ပြည်သူများအနေဖြင့် မူးယစ်​ဆေးဝါး ရောင်းဝယ်သူ၊ သုံးစွဲသူများအား တွေ့ရှိ သည်ဖြစ်စေ တိုင်ကြား​လာသည်ဖြစ်စေထိရောက်စွာ ဖမ်းဆီးအရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးစာများကို ဖြန့်ဝေထားကြောင်း သိရသည်။

ကော့သောင်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲခြင်းများ မပြုလုပ်ကြရန်နှင့်၊ စစ်ကောင်စီယန္တယားတွင် ပါဝင်ဆောင်ရွက်နေသူများအနေဖြင့် ပြည်သူဘက်မှ ရပ်တည်ပြီး ပြည်သူ့ရင်ခွင် သို့ အမြန်ဆုံး ခိုလှုံကြရန် အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီ သတင်းပေး မြင့်ရှိန် နှင့် အုပ်ချုပ်ရေးမှူး လှနိုင် ။