
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၅ ရက်
စစ်ကောင်စီက ၎င်းတို့ကို ခုခံတော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များကို ဖိတ်ခေါ်နေမှုသည် ကြောက်စိတ်ဖြင့် သွေးခွဲရေး နည်းဗျူဟာကို သုံးခြင်းဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောသည်။
အာဏာသိမ်းပြီးနောက် မရှုမလှ စစ်ရှုံးလာသော စစ်ကောင်စီသည် ယမန်နေ့ ဇူလိုင် ၄ ရက်က ပြည်ထောင်စုအကျိုးအတွက် ဖိတ်ခေါ်ချက်ဟုဆိုကာ NUG ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တို့ကို ပြစ်တင်စွပ်စွဲ ၍ PDF များအား ဖိတ်ခေါ်သည့် ထုတ်ပြန်ချက်အပေါ် NUG မှ တုံ့ပြန်ပြောဆိုခြင်းဖြစ်သည်။
“ဒါက အကြမ်းဖက် စစ်အုပ်စုတွေ လုပ်လေ့လုပ်ထရှိတဲ့ လုပ်နေကျ သွေးခွဲရေး နည်းဗျူဟာ တစ်ခုလို့ပဲ ပြောရမှာပဲ။ ဒီလိုမျိုး အမြဲတမ်း လုပ်နေကျဖြစ်တယ်။ PDF တွေ အင်အားကြီးထွားလာမှုကို မသိစိတ်ထဲကနေ ကြောက်ရွံ့နေတဲ့ သဘော” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် စစ်ကောင်စီသည် PDF လူငယ်၊ ဂျန်ဇီ (Gen-Z) များကို အထင်သေးသည့် သဘောဖြစ်ကာ မကြာခင်တွင် ငွေပေးစေခိုင်းမှု (ငါးထောင်စား) သို့မဟုတ် ဖမ်းဆီးခံရသူများ ထုတ်သုံး၍ အလိမ်အညာ ဇာတ်လမ်းဆင်ထားသော ဇာတ်ကွက်များကို လုပ်လာနိုင်ကြောင်း ဦးနေဘုန်းလတ်က ထောက်ပြ သည်။
စစ်ကောင်စီကမူ ယုံကြည်ချက်နှင့် ခံယူချက်များအတွက် လက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်ကြသည့် PDF များနှင့် တော်လှန်ရေး အင်အားစု၏ မျှော်မှန်းချက်များသည် ၎င်းတို့နှင့် တူညီနေကာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးပင်ဖြစ်ကြောင်း ဆိုထားသည်။
အဆိုပါ ပြည်ထောင်စုကြီးဆီသို့ လျှောက်လမ်းရန် တံခါးဝကြီးမှာ ရွေးကောက် ပွဲဖြစ်ပြီး ယင်းအတွက် PDF များအပါအဝင် တော်လှန်ရေး အင်အားစုအနေဖြင့် NUG ၊ CRPH တို့၏ ဝါဒမှိုင်းတိုက်မှုကြောင့် လမ်းပျောက်စရာ မလိုဘဲ ၎င်းတို့နှင့် ပူးပေါင်းရန် စစ်ကေင်စီက ဝါဒဖြန့် ထုတ်ပြန်ထားသည်။
“PDF တွေ၊ ဂျန်ဇီတွေ ဆိုတာက တကယ့်ကို စိတ်ဓာတ်ခိုင်မာတဲ့၊ စိတ်ဓာတ်ပြင်းပြတဲ့ သူတွေဖြစ်တယ်။ ဒီလိုစာတစ်စောင် ထုတ်ရုံနဲ့တော့ ဘယ်သူကမှ လက်ခံယုံကြည်ပြီး သွားကြမှာမဟုတ်ဘူး” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောသည်။
ယင်းအပြင် ၎င်းတို့၏ အာဏာသိမ်းမှုကို ခုခံတော်လှန်နေသော PDF အပါအဝင် တော်လှန်ရေး အင်အားစုကို ဝေဖန်ပြစ်တင်၍ လက်နက်ကိုင်လမ်းစဥ်တွင် ပါဝင်နေပါက မိသားစုနှင့် ဆွေမျိုးသားချင်းတို့၏ လူမှုစီးပွားဘဝ ထိခိုက်ပျက်စီး၊ အတိဒုက္ခရောက်မည်ဟုစစ်ကောင်စီက ခြိမ်းခြောက်ထားသည်။
ထို့ကြောင့် တည်ငြိမ်အေးချမ်း၍ ပညာရေး၊ ကျန်းမာရေးအပါအဝင် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးကို ထောက်ထားပြီး ၎င်းတို့ ပြုလုပ်လိုသော ရွေးကောက်ပွဲအား လက်တွဲပူးပေါင်း ပါဝင်ရန် နီးစပ်ရာ တပ်စခန်း၊ ဒေသအာဏာပိုင်များထံ ဆက်သွယ်ရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“PDF တွေက မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်တွေရဲ့ရှေ့ကို တစ်နေ့နေ့ ရောက်ကို ရောက်လာမှာပါ။ ဒါပေမယ့် သူတို့လိုချင်တဲ့ ပုံစံနဲ့တော့ မဟုတ်ဘူးဆိုတာ သေချာပါတယ်” ဟု ဦးနေဘုန်းလတ်က ဆိုသည်။
ပုံစာ-NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်နှင့် PDF တပ်ဖွဲ့ဝင်များကို ရှေ့တန်းတစ်နေရာတွင်တွေ့ရစဉ် (ပုံဟောင်း)