နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၅ ရက်

၂၀၂၄ ခုနှစ် အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အစီရင်ခံစာပါ ကလေးစစ်သား စုဆောင်းအသုံးပြုမှုအပေါ် စစ်ကောင်စီက ငြင်းဆို၍ ၎င်းတို့ကို နိုင်ငံရေးအရ ဖိအားပေးနေကြောင်း ထုတ်ပြန်ပြောဆိုသည်။

ကုလသမဂ္ဂ အစီရင်ခံစာတွင်ဖော်ပြထားသော မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ကိစ္စရပ်များမှာ မျှတမှုမရှိ၊ ကိန်းဂဏန်းအချက်အလက်များ လွဲမှားစွာဖော်ပြထားကြောင်း စစ်ကောင်စီက ဇူလိုင် ၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂအနေဖြင့် တစ်နိုင်ငံတည်းအပေါ် ပစ်မှတ်ထားသည့် ဘက်လိုက်သော အစီရင်ခံစာများ ပြုစုခြင်းနှင့် နိုင်ငံရေးအရ ဖိအားပေးမှုများ ပြုလုပ်နေခြင်းသည် အဖွဲ့ဝင်နိုင်ငံကို ကူညီရာမရောက်ဘဲ မေးခွန်းထုတ်စရာဖြစ်ဟု စစ်ကောင်စီက ပြောသည်။

ထို့အပြင် အသက်မပြည့်သေးသူ ကလေးသူငယ် ၄၈၂ ဦးကို စစ်သည်အဖြစ် စုဆောင်းအသုံးပြုခဲ့ဟု အစီရင်ခံစာတွင် ဖော်ပြထားသော်လည်း စစ်ကောင်စီကမူ ငြင်းဆို၍ ၎င်းတို့အပေါ် စွပ်စွဲချက်များကိုသာ အလေးပေးဖော်ပြထားကြောင်း ဆိုသည်။

စစ်ကောင်စီသည် ယခင်ကတည်းက ကလေးစစ်သား စုဆောင်းအသုံးပြုခဲ့ရာမှ အာဏာသိမ်းပြီးနောက် ခုခံတော်လှန်မှုများကြောင့် စစ်ရေးရှုံးနိမ့်လာ၍ လစဉ်စစ်မှုထမ်း စုဆောင်းလျက်ရှိသလို တစ်ဖက်တွင်လည်း ထိုကဲ့သို့ တန်ပြန်ငြင်းချက်ထုတ်လေ့ရှိသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အဆိုပါအစီရင်ခံစာများအရ အာဏာသိမ်းပြီနောက် စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ၂၀၂၂ ခုနှစ်အတွင်း ကလေးသူငယ် ထိခိုက်သေဆုံးမှု ၃၇၇ မှုနှင့် ကလေးစစ်သားစုဆောင်းမှုများရှိကြောင်း သိရသည်။

ထို့နောက် ၂၀၂၃ ခုနှစ်တွင်မူ အခွင့်အရေးအမျိုးမျိုး ချိုးဖောက်ခံနေရသည့် ကလေးသူငယ် ၂၀၉၃ ရှိပြီး ယောကျ်ားလေး ၁၆၉၄ ဦး၊ မိန်းကလေး ၃၈၅ ဦးနှင့် လိင်ခွဲခြားမရသူ ၁၄ ဦး ပါဝင်ကြောင်း ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီက ငြင်းဆိုလျက်ရှိသည်။

အဆိုပါ ကလေးသူငယ်များသည် စာသင်ကျောင်းများ တိုက်ခိုက်ခံရခြင်း၊ ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရခြင်း၊ အမြတ်ထုတ်ခံရခြင်း၊ လုံခြုံမှုမရှိသည့် နေရာများသို့ ရွှေ့ပြောင်းနေထိုင်ရခြင်း အပါအဝင် စစ်သားအဖြစ် အဓမ္မစုဆောင်းခံရကြောင်း သိရသည်။

ယင်းအနက်မှ စစ်သားအဖြစ် အတင်းအဓမ္မ စုဆောင်းခံရသော ကလေးသူငယ် အရေအတွက်သည် ၁၁၇၁ ဦးရှိပြီး ယောကျ်ားလေး ၁၁၂၃ ဦး၊ မိန်းကလေး ၄၂ ဦးနှင့် လိင်ခွဲခြားမရသူ ခြောက် ဦး ပါဝင်ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာအရ သိရသည်။

ဓာတ်ပုံ- လူမှုကွန်ရက်

#ကုလသမဂ္ဂအစီရင်ခံစာ #ကလေးစစ်သား #စုဆောင်းအသုံးပြုမှု #စစ်ကောင်စီငြင်းဆို #နိုင်ငံရေးဖိအားပေး #Ayeyarwaddy_Times