ဧရာဝတီတိုင်းမ်
ဇူလိုင် ၄ ရက်

ရွှေဆိုင်များအနေဖြင့် ယခု ဇူလိုင်လအတွင်း ဒစ်ဂျစ်တယ်ချိန်ခွင်စက်အသစ်လဲရမည်ဖြစ်ပြီး ပြောင်းလဲ ထားသောရွှေအချိန်အတိုင်း ဖြစ်ရန်အတွက် ‌ သက်ဆိုင်ရာမြို့နယ်အလိုက် လိုက်လံစစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

ရွှေဆိုင်များအနေဖြင့် ရွှေတစ်ကျပ်သားရွှေချိန်တွင် ၁၆ ဒသမ ၃၂၉၃၂၅ ဂရမ်ဖြစ်ရန် Digital Scale ချိန်ခွင်စက်များကို မဖြစ်မနေပြောင်းလဲရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းချုပ် က ယနေ့ ဇူလိုင် ၄ ရက်တွင် ထုတ်ပြန်သည်။

ထို့ပြင်လိုအပ်သည့်ချိန်ခွင်ဝယ်ယူလိုက်ရေး၊ ပစ္စည်းမှန်ဈေးမှန် အာမံရရှိစေရေးနှင့် အထူးလျော့ဈေး များရရှိရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါအသင်းထံမှ သိရသည်။

လက်ရှိတွင် ရွှေဈေးကွက်အတွင်း စစ်ကောင်စီရည်ညွှန်းဈေးတွင် ယနေ့ပေါက်ဈေးအဖြစ် အကယ်ဒမီ အခေါက်ရွှေ တစ်ကျပ်သား ( ၁၆ ဂရမ်) ဈေးနှုန်းကို ၅၈ သိန်း ၉ သောင်းသတ်မှတ်ကြောင်း ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီက ထုတ်ပြန်သည်။

စစ်ကောင်စီ၏ ရည်ညွှန်းဈေးက ထိုသို့ဆိုထားသော်လည်း ပြည်ပရွှေဈေးကွက်ပေါက်ဈေးတွင် အကယ်ဒမီအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၇၈ သိန်း ၇ သောင်းပတ်ဝန်းကျင်ရှိကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

“ ရွှေပြန်ရောင်းဖို့ ဈေးမေးတာ တစ်ကျပ်သား ၁၃ သိန်းခေတ်တုန်းက လုပ်ထားတဲ့ရွှေထည်ပစ္စည်းကို အခုဈေးနဲ့ရောင်းဖို့လုပ်တာ မမြတ်တဲ့အပြင် ရှုံးနေသေးတယ်။ ရွှေဆိုင်တွေက ရွှေရောင်းရင် သတ်မှတ်ဈေးနဲ့ သူတို့ပြန်ဝယ်ရင် အပြင်ပေါက်ဈေးနဲ့ဖြတ်တယ်” ဟု ရန်ကုန်မြို့ခံအမျိုးသမီး တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက သတ်မှတ်ပေးထားသော ရွှေရည်ညွှန်ဈေးအတိုင်းအရောင်းအဝယ် ဆောင်ရွက်လျက်ရှိကြောင်း ရွှေဆိုင်များ၏ Facebook လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ကြေညာ ထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းတွင် ရွှေဈေးနှုန်းတည်ငြိမ်ရေး၊ ရွှေတူးဖော်သူများက supplier အဖြစ် ဈေးကွက်ထဲပွင့်လင်းစွာရောင်းချပေးပြီး supply များပါက ရွှေဈေးကျမည်ဖြစ်ကြောင်း၊ အလျော့တွက် ဈေးနှုန်းမှာမူ ဒီဇိုင်းလက်ရာပေါ်မူတည်နေ၍ ပုံမှန်သတ်မှန်ရန်မဖြစ်နိုင်သဖြင့် ပစ္စည်းတန်ဖိုး၏ ၃၅ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းသတ်မှတ်နိုင်ရန်အတွက် ရွှေလုပ်ငန်းများဆွေးနွေးကြကြောင်း ရွှေဘုံသာ ရွှေအုပ်စု၏ Facebook လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ဓာတ်ပုံ – FMGEA