
ဧရာဝတီတိုင်းမ်
ဇူလိုင် ၄ ရက်
တအာင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်များထိန်းချုပ်ထားသည့် နောင်ချိုမြို့နှင့် နှစ်နိုင်ခန့်သာကွာ ဝေးတော့သည့် မျက်ချင်းနုကျေးရွာနှင့် စစ်ကောင်စီ၏ အမှတ် (၆၀၆) ဒုံးတပ်ရင်းကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
တောင်ခမ်းဘက်မှ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီ စစ်ကြောင်းသည် ဒုံးတပ်ရင်းကို ပြန်လည်ရယူရန် ထိုးစစ်ဆင်တိုက် ခိုက်နေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
“မြို့နဲ့ နှစ်မိုင် သုံးမိုင်လောက်ပဲဝေးတော့တယ်။ စစ်တပ်က စစ်မျက်နှာ ၇ နေရာလောက်ဖွင့်ပြီး နေရာအနှံ့ကနေ ထိုးစစ်ဆင်နေတယ်။ ဗုံးရာနဲ့ချီကြဲပြီး မြေပြင်ကလည်း အလုံးအရင်းနဲ့ကို ထိုးစစ်ဆင်နေတာ”ဟု စစ် ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် နောင်ချိုကို ထပ်မံပို့ဆောင်မည့် အင်အားဖြည့်စစ်ကြောင်းများ တန့်ယန်းတွင်ရောက်ရှိနေ ကြောင်း ဒေသခံများက ဆိုသည်။
အင်အား ၁၅၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီစစ် ကြောင်းသည် မိုင်းရယ်၊ စိန်ကြော့၊ ဆောင်ကြဲ၊ ဟိုခို၊ နမ့်လန်လမ်းအတိုင်း နောင်ချိုသို့ ဝင်ရောက်လာနိုင်ဖွယ်ရှိကြောင်း CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ထားသည်။
လက်ရှိတွင် စစ်ကောင်စီက နောင်ချိုတိုက်စစ်အတွက် တောင်ခမ်းတွင် စစ်အင်အား ၆,၀၀၀ နီးပါးနှင့် အုမ္မတီးဘက်တွင် စစ်အင်အား ၁,၀၀၀ ဝန်းကျင်ကို အသုံးပြုထားပြီး ယခုထပ်မံပို့ဆောင်သည့် စစ်ကြောင်းသည် မြေပြင်တွင် စုဖွဲ့သွားနိုင်ပါက အင်အား ၇,၀၀၀ ကျော်ဖြင့် နောင်ချိုကို ထိုးစစ်ဆင်ရန် လုပ်ဆောင်နေခြင်းဖြစ်သည်။
စစ်ကောင်စီက တောင်ခမ်းရှိ အမြောက်တပ်ရင်း လေးရင်းနှင့် တိမ်ပင်လယ်တွင်ရှိသည့် လက်နက်ကြီး စခန်းတို့ကို ခြေကုပ်ယူပြီး နောင်ချိုမြို့ကို ပြန်လည်ရယူရန် တိုက်စစ်ဆင်လာခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ဓာတ်ပုံ-ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)
ပုံစာ-၂၀၂၄ ဇူလိုင်လအတွင်းက သိမ်းယူခဲ့သည့် နောင်ချိုမြို့နယ်အတွင်းရှိ စစ်ကောင်စီ အမှတ်(၆၀၆) ဒုံးတပ်ရင်းတွင် တွေ့ရသည့် TNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တပ်ဖွဲ့ဝင်များ၊