ဧရာဝတီတိုင်းမ်
ဇူလိုင် ၄ ရက်

နေပြည်တော်ရှိ ငလျင်ဘေးသင့်ခဲ့သော ဝန်ထမ်းများကို စစ်ကောင်စီက ထောက်ပံ့ခဲ့သည့် စားသောက် ကုန်များအတွက် ကျသင့်သည့် ငွေကျပ် ၇၀,၀၀၀ ကျော်ကို စစ်ကောင် စီက ပြန်လည်တောင်းယူ နေကြောင်း သိရသည်။

နေပြည်တော်ရှိ ဝန်ကြီးဌာန ၃၂ ခုတွင် အလုပ်လုပ်နေသည့် Non CDM ဝန်ထမ်း ၉၄၀၂ ဦးကို ထောက်ပံ့ခဲ့သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိစားသောက် ကုန်ငါးမျိုးကို တစ်လစာအဖြစ် ထောက်ပံ့ခဲ့ရာ အဆိုပါအတွက် ကျသင့်ငွေ ၇၀,၀၄၃ ကျပ်ကို စစ်ကောင်စီက ပြန်လည်တောင်းယူနေခြင်းဖြစ်သည်။

ဝန်ထမ်းများကို နေပြည်တော်ကောင်စီက တစ်ကြိမ်၊ သက်ဆိုင်ရာဝန်ကြီးဌာနများက တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် စားသောက်ကုန်များ ထောက်ပံ့ခဲ့သည့် အတွက် တစ်ကြိမ်စာကို ပြန်လည်ပေးအပ်ရန် တောင်းခံနေခြင်းဖြစ်ကြောင်း ဝန်ထမ်းများထံမှ သိရသည်။

“သူတို့က စာရင်းပေးဆိုလို့ ပေးလိုက်တာပဲလေ။ အခုမှ နှစ်စုစာ ဖြစ်လို့ဆိုပြီး ပြန်တောင်းတယ်။ တောင်းတော့လည်း ပေးရမှာပေါ့” ဟု နေပြည်တော်မှ ဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထောက်ပံ့ခံရသည့် ဝန်ထမ်းတစ်ဦးလျှင် ငွေကျပ် ၇၀၀၀၀ ကျော်ကို ယခုလာမည့် ဇူလိုင် ၇ ရက်နေ့နောက်ဆုံးထားပြီး စစ်ကောင်စီထံသို့ ငွေကြေးများ ပြန်လည်ပေးသွင်းရမည်ဖြစ်ကြောင်း စစ်ကောင်စီ ထုတ်ပြန်စာတွင် တွေ့ရသည်။

ငလျင်ဒဏ်သင့် ဝန်ထမ်းများကို သက်ဆိုင်ရာဝန်ကြီး ဌာနရုံးမှ ထောက်ပံ့ပေးထားပြီးဖြစ်သဖြင့် နေပြည်တော်ကောင်စီတွင် ထပ်မံထုတ်ယူသည့် စားသောက် ကုန်တန်ဖိုးကို ပြန်လည်တောင်းယူခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းငလျင်လှုပ်ခတ်ပြီးနောက် စစ်ကောင်စီထံသို့ နိုင်ငံတကာမှ ဘီလီယံနှင့်ချီသည့် အလှူငွေများ ရောက်ရှိလာသော်လည်း စစ်ကောင်စီအနေဖြင့် ကယ်ဆယ်ရေးကို ထိထိရောက်ရောက် လုပ်ဆောင် နိုင်ခြင်းမရှိကြောင်း သိရသည်။

ထို့အပြင် ငလျင်ဒဏ်သင့်သူများထံ သွားရောက်လှူဒါန်းသည့် ပရဟိတအဖွဲ့များကိုလည်း ၎င်းတို့နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းမရှိပါက ဖမ်းဆီးမည်ဟု တရားဝင်ထုတ်ပြန်ခဲ့သည်။

ငလျင်လှုပ်ခတ်ပြီး သုံးလကျော်ကြာမြင့်လာသည်အထိ ငလျင်ဒဏ်သင့်ခဲ့သည့် တိုင်းနှင့်ပြည်နယ် ခြောက်ခုမှ ပြည်သူများမှာ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် အကူအညီများ လိုအပ် နေသေးကြောင်း သိရသည်။

ပုံစာ-မတ် ၂၈ ရက်နေ့ အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက် နေပြည်တော်ကို တွေ့ရစဉ်။