ဧရာဝတီတိုင်းမ်
(မင်းလှ)၊ ဇူလိုင် ၄ ရက်

ပဲခူးတိုင်း(အနောက်ခြမ်း) ဒေသများဖြစ်သည့် မင်းလှမြို့နယ် နှင့် ပေါက်ခေါင်းမြို့နယ်တို့တွင် စစ်ကောင်စီက စစ်တောင်းမြစ်ဝှမ်းဒေသနှင့် ဆက်သွယ်နေသည့် ရိုးမဖြတ်ကျော်လမ်းများကို မြေတူးစက်များအသုံးပြု၍ လမ်းများဖျက်ဆီးနေကြောင်း သိရသည်။

မင်းလှမြို့နယ်အတွင်းရှိ မင်းလှနှင့်ကျောက်တံခါးမြို့နယ်ကို ဆက်သွယ်ထားသည့် မြို့ချောင်း-စိန်ကန့်လန့်ရိုးမဖြတ်ကျော်လမ်းကို စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင် ၁ ရက်နေ့က မြေတူးစက်များအသုံးပြု၍ လမ်းဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

“ရိုးမအရှေ့ခြမ်းနဲ့ဆက်ထားတဲ့ ရိုးမဖြတ်ကျော်လမ်းတွေကိုဖျက်ဆီးနေတာ။ တော်လှန်ရေးတပ်ဖွဲ့တွေ ရိုးမထဲက ဆင်းလာမှာကြောက်လို့ထင်တယ်။ မင်းလှဘက်မှာဆို ခလရ-၁ထဲကိုလည်း ဝင်နိုင်ခြေရှိတယ်ဆိုပြီး လမ်းဖြတ်တာလို့ကြားတယ်။ မြို့ချောင်း-စိန်ကန့်လန့်လမ်းဆို မင်းလှဘက်တင်မကဘူး ကျောက်တံခါးဘက်က နှစ်မိုင်ဂိတ်ဆိုတဲ့နေရာမှာလည်း လမ်းဖျက်ဆီးခံထားရတယ်” ဟု မင်းလှအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် မင်းလှမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့များက အင်အား ၄၀ ဝန်းကျင်ခန့်ဖြင့် စစ်ကြောင်းများဖြန့်ကျက်၍ ကျေးရွာများတွင် ဝင်ရောက်နေရာယူထားပြီး ယမန်နေ့ ဇူလိုင် ၃ ရက်နေ့က သရော်ကုန်းကျေးရွာကို အကြောင်းမဲ့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ အမျိုးသမီး သုံး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ အပြင်းအထန်ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း သိရသည်။

အလားတူ ပေါက်ခေါင်းမြို့နယ်တွင်လည်း ပြီးခဲ့သည့် ဇွန် ၃၀ ရက်နေ့နှင့် ဇူလိုင် ၁ ရက်နေ့တွင် ပေါက်ခေါင်း နှင့် အုတ်တွင်းမြို့နယ်ကို ဆက်သွယ်ထားသည့် ခရိုင်ချင်းဆက် ရိုးမဖြတ်ကျော်လမ်းပိုင်း နှစ်နေရာကို မြေကြီးများတူးထုတ်ကာ လမ်းဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

“ဘာကြောင့်လမ်းဖြတ်တာလဲဆို ပဲခူးရိုးမကိုအခြေပြုပြီးတော့ ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေခြေကုပ်ယူတဲ့နေရာဖြစ်တဲ့အတွက်ကြောင့် ဒါရိက္ခာဖြတ်တောက်တဲ့အနေအထားလို့မြင်တယ်။ နောက်တခုက ပဲခူးရိုးမထဲကနေတော်လှန်ရေးတပ်ဖွဲ့တွေ ကားလမ်းအတိုင်းမလာနိုင်အောင် လုပ်တာလဲဖြစ်နိုင်တယ်လို့ ယူဆတယ်” ဟု ပေါက်ခေါင်းအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပေါက်ခေါင်းမြို့နယ်အတွင်းတွင်လည်း စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန်လအတွင်း စစ်ကြောင်းထိုးခြင်းများပြုလုပ်ခဲ့ပြီး လက်ရှိတွင်လည်း စစ်ရေးအခြေအနေကို အသင့်ဖြစ်စေရန် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်းလည်းသိရသည်။

ပဲခူးတိုင်းအတွင်း ပဲခူးရိုးမအရှေ့ခြမ်းဒေသဖြစ်သည့် စစ်တောင်းမြစ်ဝှမ်းဒေသတွင် စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက် စစ်ရေးတင်းမားလျက်ရှိပြီး ပြီးခဲ့သည့် ဇွန် ၂၅ ရက်နေ့က ကျောက်တံခါး၊ ညောင်လေးပင်၊ ဖြူး မြို့နယ်များရှိ ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီစခန်း ကိုးခု တိုက်ခိုက်ခံခဲ့ရပြီး တပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ပေးပို့
ပုံစာ – စစ်ကောင်စီကဖျက်ဆီးထားသည့် ရိုးမဖြတ်ကျော်လမ်းပိုင်းများ