
ဧရာဝတီတိုင်းမ်
ဇူလိုင် ၄ ရက်
ဧရာ၀တီတိုင်း၊ ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ လှေလုံးကွဲကျေးရွာတွင် ရေချိုးဆင်းသည့် လူငယ် နှစ်ဦး မိကျောင်းဆွဲခံရ၍ သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ဘိုကလေးမြို့နယ် လှေလုံးကွဲကျေးရွာတွင် ဇူလိုင် ၂ ရက်နေ့က ရေချိုးနေသည့် အသက် ၃၂ နှစ်အရွယ်ရှိ ကိုသန့်ဇော်ဆိုသူမိကျောင်းဆွဲခံရပြီး နောက်ရက်ညနေပိုင်းတွင် အသက် ၁၆ နှစ်အရွယ် မောင်ဇော်ဇော်အောင် ထပ်မံဆွဲခံရ၍ သေဆုံးခဲ့ခြင်းဖြစ်သည်။
“ကိုသန့်ဇော်ရဲ့အလောင်းကို ပြန်ရတဲ့နေ့မှာပဲတစ်ယောက်ထပ်ဆွဲခံရတာ သူ့အလာင်းတော့ခုထိရှာမတွေ့သေးဘူး”ဟု ဒေသခံတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင် နှစ်ဦးဆက်တိုက်သေဆုံးခဲ့သည့်အတွက် မိကျောင်းအန္တရာယ်ရှိသည့်ချောင်းအတွင်းသို့ ရေချိုးဆင်းခြင်းမပြုရန်
ရွာအုပ်ချုပ်ရေးမှတားမြစ်ထားကြောင်း သိရသည်။
ဘိုကလေးမြိုနယ်တွင် ချောင်းမြောင်းအင်းအိုင်ပေါများပြီး မိချောင်းအများအပြားကျက်စားရာဒေသဖြစ်သည့်အတွက် ဒေသခံများမှာ မိချောင်းအန္တရာယ်နှင့် မကြာခဏ ရင်ဆိုင်နေရပြီး အသက်သေဆုံးမှုများနှင့် ကိုယ်လက်အင်္ဂါပျက်စီးဆုံးရူံးမှုများ နှစ်စဥ်ကြုံတွေ့နေကြရသည်။