
ဧရာဝတီတ်ိုင်းမ်
ဇူလိုင် ၄ ရက်
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းအကြောင်းပြကာ ငွေတောင်းယူနေသည့် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးထံ ငွေပေးဆောင် နေရသည်ဟုပြောဆိုကြောင်း ဒေသခံများထံမှ သိရရသည်။
ဘိုကလေးမြို့နယ်၊ သဇင်ကုန်းကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦမြစိုးသည် ပြည်သူ့စစ်မှု ထမ်းအတွက် ငွေကောက်ယူရာမှာ ဇွန် ၁၅ ရက်နေ့တွင်တစ်ကြိမ်၊ ဇူလိုင် ၁ ရက်နေ့တွင် တစ်ကြိမ် တောင်းယူခဲ့ပြီး ၁၅ ရက်အတွင်း နှစ်ကြိမ်တောင်းယူခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“အခုလိုမကြာခဏငွေကောက်ခံနေတဲ့အတွက် တချို့လက်လုပ်လက်စားသမားများမှာ စားဝတ်နေရေး အရမ်း ကျပ်တည်းတယ်။ ဒုက္ခရောက်နေကြရတာ၊ အခုက တစ်ကြိမ်တောင်မဟုတ်ဘူး။ ခဏခဏ ထပ်ထပ်ကောက်နေတာ” ဟု ဘိုကလေးမြို့နယ်ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
သဇင်ကုန်းကျေးရွာအုပ်စုတွင် ကျေးရွာ ၁၀ ရွာရှိပြီး တစ်အိမ်ထောင်အတွင်း ပြည်သူ့စစ်မှုထမ်း အကျုံးဝင်သူရှိက ကျပ်ငွေ သုံးသောင်းခွဲတောင်းယူပြီး ပြည်သူ့စစ်မှုထမ်းအကျုံးဝင်သူ မရှိသည့် နေအိမ်များကိုကျပ်ငွေ တစ်သောင်းခွဲတောင်းယူကြောင်း ဒေသခံများထံမှ သိရသည်။
သဇင်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးသည် ၎င်းကောက်ယူပြီး ရရှိလာသည့်ငွေများကို သဇင်ကုန်း ကျေးရွာအတွက် ပြည်သူ့ စစ်မှုထမ်းတစ်ဦးဝယ်ယူရန်ဟုဆိုကာ ကျပ်ငွေသိန်းတစ်ရာငါးဆယ်ကို ဘိုကလေးမြို့ စစ်ကောင်စီခန့် မြို့နယ်အုပ်ချုပ်ရေးမှူးထံ ပေးဆောင်ခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ဧရာဝတီတိုင်းတွင် ၂၆ မြို့နယ်ရှိပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအများစုသည် ပြည်သူ့စစ်မှုထမ်း အကြောင်းပြ၍ ငွေတောင်းယူမှုများကို ယခင်ကထက် ပိုမိုလုပ်ဆောင်လာကြပြီး ကိုယ်ကျိုးအတွက် အသုံးပြုကာ ကြီးပွားချမ်းနေကြောင်း ဧရာဝတီတိုင်းရှိ ဒေသခံများပြောဆိုသည်။
ဓာတ်ပုံ-ပေးပို့
ပုံစာ-သဇင်ကုန်းကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦမြစိုး