ဧရာ၀တီတိုင်းမ်
(မြိတ်)၊ ဇူလိုင် ၄ ရက်

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့မရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ရန်နိုင်လင်း သည် ယနေ့ ဇူလိုင် ၄ ရက်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မြိတ်ခရိုင်၊ အမှတ် (၃) တပ်ရင်းထံ ထွက်ပြေးအလင်းဝင်လာကြောင်း မြိတ်ခရိုင်တပ်ရင်း ၃ ထံမှ သိရသည်။

အဆိုပါ ရဲတပ်သား ရန်နိုင်လင်းသည် ပြည်မြို့၊ ဝက်ထီးကန်ရှိ အမှတ် (၂) အခြေခံရဲလေ့ကျင့်ရေး သင်တန်းကျောင်းတွင် အပတ်စဉ် ၂၉၂၊ စည်သူတပ်ခွဲ၌ သင်တန်းတက်ရောက်ခဲ့ပြီး ရဲလုပ်သက် ၁၁ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

၎င်းသည် လှိုင်းဘွဲ့မြို့မရဲစခန်းတွင် တာဝန်ကျနေစဉ် စစ်ကောင်စီ၏ ပြည်သူအပေါ် အကြမ်းဖက် မှုများကို လက်မခံနိုင်သဖြင့် ယခုနှစ် မတ်လပိုင်းတွင် တနင်္သာရီမြို့နယ်ဘက်သို့ ထွက်ပြေးလာခဲ့ပြီး ယခုအခါ မြိတ်ခရိုင်၊ အမှတ် (၃) တပ်ရင်းထံ အလင်းဝင်လာခြင်း ဖြစ်သည်။

အလင်းဝင်လာသည့် ရဲတပ်သား ရန်နိုင်လင်းကို မြိတ်ခရိုင်၊ အမှတ် (၃) တပ်ရင်းမှ ကောင်းမွန်စွာ စောင့်ရှောက်ထားရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ချမှတ်ထားသော မူဝါဒနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ-PDF မြိတ်ခရိုင် အမှတ် ၃ တပ်ရင်း