ဧရာဝတီတိုင်းမ်
(ဖားဆောင်း)၊ ဇူလိုင် ၃ ရက်

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ် အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခလရ-၁၃၄ တပ်ရင်း နှင့် ခလရ-၁၃၅ တပ်ရင်းတို့ကို ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဇွန် ၂၅ ရက်မှ စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီ၏ ခလရ-၁၃၄ တပ်ရင်းကို ပြီးခဲ့သည့် ဇွန် ၃၀ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက စခန်းသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီတပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားနေစဉ်နှင့် တိုက်ပွဲဖြစ်ပွားပြီး နောက်တွင် ဂျက်ဖိုက်တာအမျိုးမျိုးဖြင့် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ယမန်နေ့ ဇူလိုင် ၂ ရက်နေ့၊ နံနက် ၁ နာရီဝန်းကျင်တွင် ဖားဆောင်းသို့ လေကြောင်းတိုက်ခိုက်ရန်လာသည့် ဂျက်ဖိုက်တာတစ်စီးကို ကရင်နီတပ်ပေါင်းစုံ တော်လှန်ရေးအဖွဲ့များက ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။

“စစ်ကောင်စီရဲ့ ဖားဆောင်းမြို့ကိုလာပြီးတော့မှ ဗုံးကြဲတိုက်ခိုက်ဖို့အတွက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ် လေးစီးကို တော်လှန်ရေးတပ်ဖွဲ့တွေက လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ တန်ပြန် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ လေး စီးထဲမှာမှ ဂျက်လေယာဉ်တစ်စီးက ပျက်ကျသွားခဲ့တာ ဖြစ်ပါ တယ်” ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့များ ပစ်ချနိုင်ခဲ့သည့် ဂျက်ဖိုက်တာမှာ လေယာဉ်မောင်းသူ နှစ် ဦးလိုက်ပါနိုင်သည့် အပေါ့စား တိုက် လေယာဉ်တစ်မျိုးဖြစ်သည့် FTC-2000G ဖြစ်ကြောင်းသိရပြီး လေယာဉ်မောင်းနှင်သူ နှစ် ဦးလုံး အပိုင်းပိုင်းပြတ်ကာ သေဆုံးခဲ့ပြီး ရုပ်အလောင်းများကို လေယာဉ်အပျက်အစီးအနီးတွင် တွေ့ရှိရကြောင်းလည်း သိရသည်။

ပစ်ခတ်ခံခဲ့ရသည့် တိုက်လေယာဉ်ကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက ယနေ့ဇူလိုင် ၃ ရက်နေ့၊ နေ့လယ် ၂ နာရီဝန်းကျင်တွင် တွေ့ရှိခဲ့ပြီး စစ်ကောင်စီကမူ လေ့ကျင့်ပျံသန်းစဉ် ရာသီဥတုဆိုးရွာမှုကြောင့် အဆက်အသွယ်ပြတ်တောက်ခဲ့ကြောင်း ၎င်းတို့ပိုင်မီဒီယာများမှတစ်ဆင့် လက်ဦးမှုရယူထုတ်ပြန် ခဲ့သည်။

ဓာတ်ပုံ – KNDF
#ကရင်နီ #ဖားဆောင်း #စစ်ကောင်စီ #ဂျက်ဖိုက်တာ #လေယာဉ်ပစ်ချ #လေယာဉ်မှူးသေဆုံး #ခလရ၁၃၄ #Ayeyarwaddy_Times