ဧရာဝတီတိုင်းမ်
ဇူလိုင် ၃ ရက်

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်တက်ရောက်ကာ ၎င်းတို့အပေါ်တုံ့ပြန်တိုက်ခိုက်ခြင်းမရှိသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ စောမြရာဇာလင်းနှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ဒုဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူးတို့ကို စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင် ဝဏ္ဏကျော်ထင်ဘွဲ့ပေးအပ်ခဲ့သည်။

စစ်ခေါင်းဆောင်သည် ယနေ့ ဇူလိုင် ၃ ရက်နေ့တွင်ကျရောက်သော မြန်မာအမျိုးသမီးများနေ့ အထိမ်း အမှတ်အဖြစ် ALP ဥက္ကဋ္ဌ စောမြရာဇာလင်း၊ KNU/KNLA-PC ဒုဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး နှင့် ပညာရေးဝန်ကြီးဌာန၊ ပါမောက္ခ(ဌာနမှူး) (ငြိမ်း)ဒေါက်တာဒေါ်ပိုတို့ကို ၀ဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်ခဲ့ ခြင်းဖြစ်သည်။

ဝဏ္ဏကျော်ထင်ဘွဲ့သည့် အများပြည်သူတို့၏ ကောင်းရာကောင်းကြောင်းကို ဖြစ်ထွန်းအောင် ထူးကဲ ကောင်းမွန်စွာ ဆောင်ရွက်ကြသူများအတွက် ချီးမြှင့်သည့်ဆုဖြစ်သည်။

ALP ဥက္ကဋ္ဌ စောမြရာဇာလင်းက “ ကဏ္ဍအသီးသီးမှာ ထူးချွန်ထက်မြက်စွာ လုပ်ဆောင်ခဲ့တဲ့ အမျိုးသမီး သူရဲကောင်းအားလုံးကိုဂုဏ်ပြုပါတယ်” ဟု ၎င်း၏ Facebook လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တို့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့များ ဖြစ်ပြီး စစ်တပ်အာဏာသိမ်းနောက်ပိုင်းတွင်ကျင်းပသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တက်ရောက် လျက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည်။

ထို့ပြင် အနုပညာရှင်များဖြစ်သည့် သရုပ်ဆောင် စိုးမြတ်သူဇာနှင့် မေသဥ္ဇာဦးတို့သည်လည်း လူမှု ထူးချွန်ဆုရရှိခဲ့ကာ ၎င်းတို့သည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြည်ပ ခရီးစဉ်များတွင် လေဆိပ်၌ကြိုဆိုနှုတ်ဆက်သူများဖြစ်ပြီး စစ်ကောင်စီကျင်းပသော ပျော်ပွဲရွှင်ပွဲများ တွင်လည်း တက်တက်ကြွကြွပါဝင်ဆောင်ရွက်ခဲ့သူများဖြစ်သည်။

ယင်းပြင် အနုပညာထူးချွန်ဆုတွင် သရုပ်ဆောင် ဒေါ်ဆွေဇင်ထိုက်နှင့် စာပေပညာထူးချွန်ဆုတွင် စာရေးဆရာမ ဒေါ်မြမြသန်း (ခ) မနှင်းဖွေးတို့အပါအဝင် ကဏ္ဍအသီးသီးမှ အမျိုးသမီး ၁၅၀ ကျော်ထူးချွန်တံဆိပ်များရရှိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – စစ်ကောင်စီ