
ဧရာဝတီတိုင်းမ်
ဇူလိုင် ၃ ရက်
စစ်ကောင်စီနှင့် AA တို့ ငလျင်ဒဏ်သင့်ပြည်သူများကို လူသားချင်းစာနာသောအားဖြင့် အပစ်ရပ်ကာလ သတ်မှတ်ထားခဲ့ရာ သတ်မှတ်ကာလပြည့်ပြီးနောက် ကျောက်ဖြူတွင် တိုက်ပွဲအပြင်းအထန် ပြန်လည်ဖြစ်ပွားနေကြောင်း သိရသည်။
ယနေ့ ဇူလိုင် ၃ ရက်နေ့တွင် ရဲတပ်ရင်း ၃၂ နှင့် မလကျွန်းကျေးရွာအနီးတို့တွင် တိုက်ပွဲအပြင်းအထန်ပြန် လည်ဖြစ်ပွားနေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
“မနေ့ကတည်းက တိုက်ပွဲအပြင်းအထန်ပြန်ဖြစ်တယ်။ အရင်နေ့တွေက စစ်တပ်ဘက်ကနေပြီး ဒရုန်းနဲ့ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ပစ်တာတွေတော့ လုပ်တယ်။ ထိတွေ့တိုက်ပွဲကတော့ ၂ ရက်နေ့ကစပြီး ပြန်ဖြစ်တာ”ဟု ဒေသသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက မလကျွန်းကျေးရွာဘက်တွင် အပစ်ရပ်ကာလအတွင်း၌ ကတုတ်ကျင်းအခိုင်အမာတူးထားပြီး အင်အားအများအပြားနှင့် နေရာပြန်ချထားကြောင်း သိရသည်။
စစ်ကောင်စီက တိုက်ပွဲငြိမ်နေသည့်ကာလတွင် ကျောက်ဖြူမြို့အတွင်းရှိ စစ်ကောင်စီ ဌာနဆိုင်ရာဝန်ထမ်းများကို တရုတ်အစိုးရက AA ကိုတပ်ဆုတ်ပေးရန် စေခိုင်းထားသည့်အတွက် တိုက်ပွဲဖြစ်မည်မဟုတ်တော့ကြောင်း ဝါဒဖြန့်ပြောဆိုထားသည်။
ထိုသို့ဝါဒဖြန့်ပြီးနောက် ဇူလိုင် ၁ ရက်နေ့တွက် စစ်ကောင်စီနှင့် AA တို့ လက်နက်ကြီးငယ်များ အပြန် အလှန်ပစ်ခတ်ကြပြီးနောက် ဇူလိုင် ၂ ရက်နေ့တွင် ထိတွေ့တိုက်ပွဲပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီက ရဲတပ်ရင်း ၃၂ ကျလုနီးပါးဖြစ်နေ၍ တပ်ရင်းအနီးတစ်ဝိုက်တွင် ကာကင်းစခန်းများကို အင်အားဖြည့်နေကြောင်း ဒေသခံများထံမှ သိရသည်။
ရဲတပ်ရင်း ၃၂ ၏ အနီးတွင်ရှိသည့် တောင်ရှည်တောင်တွင် အင်အားအလုံးအရင်းဖြင့် နေရာချထားပြီး ခံစစ်ပြင်ထားကြောင်း သိရသည်။
စစ်ကောင်စီနှင့် AA တို့တိုက်ပွဲမှာ မလကျွန်း၊ ပြိုင်စေ့ကေနှင့် ကတ်သပြေတို့တွင်ပါ ဆက်လက်ပစ်ခတ်နေကြပြီး စစ်ကောင်စီက ကြည်း၊ရေ၊လေမှ ခုခံပစ်ခတ်နေကြောင်း သိရသည်။