ဧရာဝတီတိုင်းမ်
ဇူလိုင် ၃ ရက်

ထိုင်းဝန်ကြီးအဖွဲ့သစ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို ယနေ့ ဇူလိုင် ၃ ရက်နေ့က အမ်ဖွန်စတန် နန်းတော်ရှိ ထိုင်းဘုရင်မင်းမြတ်နှင့် မိဖုရားကြီးရှေ့မှောက်တွင် ကျင်းပခဲ့ပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေး ဝန်ကြီး ဖမ်သမ်ဝီရာချိုင်းက တတိယမြောက်ဝန်ကြီးချုပ်အသစ်အဖြစ် ဖြစ်လာကြောင်း သိရသည်။

တာဝန်မှ ဆိုင်းငံ့ခြင်းခံထားရသည့် ပေထုံတန်ရှင်နာဝပ်၏ ဝန်ကြီးချုပ်ရာထူးကို ပြီးခဲ့သည့် ဇူလိုင် ၁ ရက်နေ့တွင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဆူရီယားဂျန်ဂရန်ရီယန်ကစ်ထံ ယာယီဝန်ကြီးချုပ်အဖြစ်တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးအဖြစ်တာဝန်ယူထားသည့် ဖမ်သမ်ဝီချာရာ ချိုင်းသည် လည်း ဇူလိုင် ၁ ရက်နေ့တွင်ပင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ယူခဲ့ပြီး ယနေ့ဝန်ကြီးအဖွဲ့၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားတွင်မူ တတိယမြောက် ယာယီဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။

ယနေ့ပြုလုပ်သည့် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ ‌ပေထုံတန်ရှင်နာဝပ်မှ ယဉ်ကျေးမှုဝန်ကြီးအဖြစ် တက်ရောက်ခဲ့ပြီး ယာယီဝန်ကြီးချုပ်တာဝန်ယူထားသည့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဆူရီယား ဂျန်ဂရန်ရီယန်ကစ်သည် ၎င်း၏ ယာယီဝန်ကြီးချုပ်ရာထူးကို ဖမ်သမ်ဝီချာရာချိုင်းထံသို့ ထပ်မံ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

ဖမ်သမ်ဝီချာရာချိုင်းသည် ၎င်းကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူစဉ် ပြီးခဲ့သည့်ရက်ပိုင်း အတွင်း ကပင် စစ်အာဏာသိမ်းမှုမဖြစ်နိုင်ဟု ပြောဆိုခဲ့ပြီး ထိပ်တန်းစစ်ခေါင်းဆောင်များကလည်း အာဏာ သိမ်းရန်ရည်ရွယ်ချက်မရှိပဲ စိန်ခေါ်မှုများကို ဒီမိုကရေစီနည်းလမ်းမှတစ်ဆင့် ဖြေရှင်းမည်ဟု မှတ်ချက် ပြုပြောဆိုခဲ့သူဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်ပေထုံတန်ရှင်နာဝပ်မှာ က‌မ္ဘောဒီယားဝန်ကြီးချုပ်ဟောင်းနှင့် အငြင်းပွားဖွယ် ဖုန်းပြောဆိုမှု အသံဖိုင်ပေါက်ကြားမှုအပြီးတွင် နိုင်ငံတော်သစ္စာဖောက်မှုစွဲချက်များကိုရင်ဆိုင်ခဲ့ရပြီး ပြီးခဲ့သည့် ဇူလိုင် ၁ ရက်နေ့တွင် ထိုင်းဖွဲ့စည်းပုံအခြေခံတရားရုံးမှ ယာယီရာထူးရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။