ဧရာဝတီတိုင်းမ်
ဇူလိုင် ၃ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ် အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် ဇူလိူင်လအစမှစတင်ပြီး စစ်မှုထမ်းခေါ်ဆောင်ရာတွင် လူအစားထိုးရန် သိန်းတစ်ရာအထက်ကောက်ခံနေသည့်အတွက် ဒေသခံများအခက်တွေ့နေကြောင်း သိရသည်။

စစ်မှုထမ်းရန် မလိုက်လိုသူများနေသောကြောင့် အုပ်ချုပ်ရေးမှူးများက အခြားဒေသမှ အစားထိုးလူ၀ယ်ယူရန် တောင်းခံနေခြင်းဖြစ်ပြီး ယခင်ထက်ပိုမိုတောင်းယူလာကြောင်းသိရသည်။

“မိဘတွေကလည်းကိုယ့်သားသမီး စစ်ထဲမထည့်လိုတော့ အုပ်ကြီးတွေကောက်တာထည့်ရတာပေါ့။ ခုကာလကစီးပွားရေးမကောင်းလို့ အလုပ်အကိုင်ရှားပါးတော့ ပိုပြီးခက်ခဲလာကြပြီ”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ယခင်ကမြို့ပေါ်ရပ်ကွက်အချို့တွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အကြား လူငယ်တစ်ဦးလျှင် ကျပ်နှစ်သောင်းနှုန်းကောက်ယူနေရာ ယခုလမှစတင်ပြီး ကျပ် ငါးသောင်းမှ တစ်သိန်းကြားပေးရကြောင်းသိရသည်။ ပုသိမ်မြို့နယ် ဇရပ်ဆိပ်ကျေးရွာအုပ်စုရှိ ရွာသုံးရွာကို သိန်း ၁၅၀ သတ်မှတ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ အစပိုင်းမှ စတင်ပြီး ငွေယူ၍ စစ်သင်တန်းတက်မည့်သူ ရှားပါးလာသောကြောင့် အခြားဒေသများမှ ငွေပိုပေးကာလူ၀ယ်ယူမှု ပိုမိုပြုလုပ်လာကြောင်း ဒေသခံများထံက သိရသည်။