
ဧရာဝတီတိုင်းမ်
ဇူလိုင် ၃ ရက်
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်တွင် ဗုံးကြဲရန်လာသည့် စစ်ကောင်စီ၏ တိုက်လေ ယာဉ် တစ်စင်း ပျက်ကျခဲ့ကြောင်း သိရသည်။
ထိုသို့ ပျက်ကျသွားသည့် စစ်ကောင်စီ၏တိုက်လေယာဉ်ပျက်ကို ယနေ့ ဇူလိုင် ၃ ရက် နေ့လယ် ၁ နာရီခန့်တွင် ဖားဆောင်းမြို့နယ်၊ ကျောက်စုကျေးရွာတွင် တွေ့ရှိခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ထံမှ သိရသည်။
“လေယာဉ်မှူးနှစ်ဦးလို့ယူဆရတဲ့လူရဲ့ ရုပ်အလောင်းကိုကျွန်တော်တို့တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အပိုင်း ပိုင်းပြတ်ထွက်နေတာဖြစ်ပါတယ်။ ဖားဆောင်းမြို့ကို ဗုံးကြဲတိုက်ခိုက်ဖို့အတွက်လာတဲ့ စစ်ကောင်စီ တပ်ရဲ့ တိုက်လေယာဉ် လေး စီးကို တော်လှန်ရေးတပ်ဖွဲ့တွေက လေ ကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ တန်ပြန်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ လေး စီးထဲမှာမှ ဂျက်လေ ယာဉ်တစ်စီးက ပျက်ကျသွားခဲ့တာဖြစ်ပါတယ်” ဟု KNDF ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ဧရာဝတီတိုင်းမ်ကိုပြော သည်။
အဆိုပါတိုက်လေယာဉ်မှာ ဇူလိုင် ၁ ရက်နေ့ ညပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက လေကြောင်းရန် ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
စစ်ကောင်စီကမူ အဆိုပါ တိုက်ခိုက်ရေးလေယာဉ်မှာ ပြီးခဲ့သည် ဇူလိုင် ၁ ရက်နေ့ ညပိုင်းတွင် ညအချိန် ခရီးဝေးလေ့ကျင့်ပျံသန်း ဆောင်ရွက်စဉ် နေပြည်တော်၏ အရှေ့တောင် ဘက် ကီလိုမီတာ ၁၃၀ အကွာတွင် ရေဒါမြင်ကွင်းမှ ပျောက်ကွယ်၍ ဆက်သွယ်မှုပြတ်တောက်သွားကြောင်း ထုတ်ပြန် ထားသည်။
KNDF ဒုစစ်ဦးစီးချုပ် မာဝီကလည်း စစ်ကောင်စီ၏ တိုက်လေယာဉ်ကို ကရင်နီတပ်ပေါင်းစုမှ ပစ်ချ လိုက်ခြင်းဖြစ်ကြောင်း အတည်ပြုထားသည်။
ပစ်ချခံလိုက်ရသည့်တိုက်လေယာဉ်တွင် လေယာဉ်မှူး နှစ်ဦး၏အလောင်းကို တွေ့ရှိရပြီး လေယာဉ် အမျိုးစား မှာ FTC 2000G အမျိုးအစား ဂျက်ဖိုက်တာဖြစ် ကြောင်း သိရသည်။
ဓာတ်ပုံ-Maui Karenni