
ဧရာဝတီတိုင်းမ်
ဇူလိုင် ၃ ရက်
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ်မြို့အနီးရှိ ကျေးရွာများတွင် CDF ဟွားငိုးရမ်နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ – CNDF တို့ကြား ဇူလိုင် ၂ ရက်နေ့ကစတင်ကာ တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။
နယ်မြေအငြင်းပွားမှုကိုအကြောင်းပြု၍ မြန်မာ – အိန္ဒိယနယ်စပ်အနီးရှိ ရိဒ်ခေါဒါရ်မြို့ဧရိယာ အတွင်းရှိ ကျေးရွာ ၄ ရွာခန့်တွင်နှစ်ဘက်ထိတွေ့တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။
“သီးကျဲလ်ရွာမှာ ကျနော်တို့ရဲဘော်တွေ နားတဲ့အချိန်မှာ သူတို့ (CDF-ဟွားငိုးရမ်) ရဲဘော်တွေ အင်အားအလုံးအရင်းနဲ့ ရောက်လာပြီးတော့ ဒီရွာကနေ ထွက်ပေးပါဆိုပြီးပြောလာတဲ့အခါမှာ သူတို့နဲ့ဆွေးနွေးတယ်။ ရွာရဲ့အပြင်ဘက်မှာကို ထွက်ပေးတယ်။ ဒါပေမယ့်ကျနော်တို့နောက်ကို လိုက်လာပြီးတော့မှ သေနတ်ဖောက်ပစ်ခတ်တဲ့အခါမှာ ပစ်ခတ်မှုတွေ စတင်ဖြစ်ပွားတာ ဖြစ်တယ်”ဟု CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
နှစ်ဘက်ထိတွေံတိုက်ပွဲများမှာ အခင်းဖြစ်သည့် သီးကျဲလ် (Tuichirch) ရွာအပါအ၀င် CDF (ဟွားငေါးရမ်) တပ်များရှိသည့် ဆတောင် (Satawm)< လီယန်နာ (Lianhn)၊ ဖွန်သဲ (Phunte) စသည့်ကျေးရွာ များတွင် တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
ယခုလိုတိုက်ပွဲဖြစ်ပွားရခြင်းမှာ ချင်းညီနောင်အဖွဲ့၀င် CNO/CNDF က ဟွားငိုးရမ်ဒေသကို ကျူးကျော်သိမ်းပိုက်လို၍ ရည်ရွယ်ချက်ရှိရှိ စစ်ဆင်ရေးတစ်ခုသဖွယ် တိုက်ပွဲဖော်ဆောင်ခြင်းဖြစ်ကြောင်း CDF (ဟွားငိုးရမ်)က ပြောသည်။
“မနေ့ကမနက် ၁၀ နာရီဝန်းကျင်မှာ ဖွန်သဲ (Phunte) ရွာအနီးမှာရှိတဲ့ကျနောတို့ ကင်းစခန်းကို အလစ်အငိုက်ဝင်ရောက် စီးနင်းခဲ့တယ်။ နေ့လည် ၁၂ နာရီလောက်ကနေစပြီး ဆတောင် (Satawm) ရွာကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ပြီး ပြည်သူတွေတောင်းပန်နေတဲ့ကြားက ကျနောတို့ရဲ့ ကင်းစခန်းကို အင်းအားအလုံးအရင်း၊ ဒရုန်းအသုံးပြုပြီး စတင်တိုက်ခိုက်ကြတယ်။ အဲ့တချိန်တည်းမှာပဲ သွီးချား (Tuichirch) ကျေးရွာအနီးက ကျနောတို့ရဲ့ ကင်းစခန်းငယ်ကို အင်းအား ၇၀ ကျော်နဲ့ စတင်တိုက်ခိုက်တယ်။ အဲ့တချိန်တည်းမှာပဲ လီယန်နာရွာဟောင်းက ကျနောတို့ ရဲ့ ကင်းစခန်းငယ်ကို အလစ်ငိုက်ဝင်ရောက်စီးနင်း တိုက်ခိုကိခဲ့တယ်။ ကျနောတို့အနေနဲ့ လည်း ရွေးချယ်စရာမရှိ ခုခံပစ်ခတ်တိုက်ခိုက်ပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန် ခဲ့တယ်”ဟု CDF ဟွားငိုးရမ် အထွေထွေအတွင်းရေးမှူး Pu Lalkhawpuimawia က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲဖြစ်ပွားနေသည့်ကျေးရွာများမှဒေသခံများမှာ အိုးအိမ်များကိုစွန့်ခွာ၍ ရိဒ်ခေါဒါရ်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး မပြေးနိုင်သူများက နေအိမ်များအောက်တွင် ပုန်းခိုနေကြကြောင်း ဒေသခံများထံမှ သိရသည်။
“ရွာသားအများစုက ရိဒ်ခေါဒါရ်မြို့နဲ့ ဘေးလွတ်ရာနေရာတွေမှာ ထွက်ပြေး တိမ်းရှောင် ကြတယ်။ တချို့မပြေးနိုင်တဲ့သူတွေက အိမ်အောက်မှာ ပုန်းခိုနေကြတယ်။ ထွက်ပြေးတဲ့သူတွေက တိုက်ပွဲပြင်းထန်မှာကို စိုးရိမ်သလို ရွာသားတွေထိခိုက်မှာစိုးရိမ်နေကြတယ်”ဟု ရိဒ်ခေါဒါရ်မြို့ခံ တစ်ဦးက ပြောသည်။
မြန်မာ – အိန္ဒိယနယ်စပ်ရှိ ရိဒ်ခေါဒါရ်မြို့ကို CDF-ဟွားငေါင်းရမ်၊ ချင်းအမျိုးသားတပ်မတော် – CNA နှင့် ချင်းတော်လှန်ရေးပူးပေါင်းတပ်များက ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီကိုတိုက်ထုတ်၍ မြို့ကိုသိမ်းပိုက် ထမ်းချုပ်ထားပြီး ဟွားငိုးရမ်ဒေသန္တရအုပ်ချုပ်ရေးယန္တရားဖြင့် အုပ်ချုပ်နေကြောင်း သိရသည်။
ဖလမ်းမြို့သိမ်းတိုက်ပွဲပြီးနောက်ပိုင်း CNO/CNDF နှင့် CDF ဟွားငိုးရမ်တို့မှာ ရိဒ်ခေါဒါရ်မြို့တွင် နယ်မြေအငြင်းပွားမှုများ မကြာခဏဖြစ်ပွားပြီး အောက်ခြေရဲဘော် အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုများ ရှိခဲ့ကြောင်း သိရသည်။
ပုံစာ- CDF-Hualngoram တပ်ဖွဲ့ဝင်များနှင့် CNDF တပ်ဖွဲ့ဝင်များကို တွေ့ရစဥ်။