
ဧရာဝတီတိုင်းမ်
ဇူလိုင် ၃ ရက်
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် လက်နက်ကိုင်ကာ ကျေးရွာများကို မီးရှို့၊ ဒေသခံများကို ဖမ်းဆီးနှိပ်စက်သည့် ပျူစောထီးခေါင်းဆောင် သီတာယုမွန် နှင့် သေဆုံးသွားပြီဖြစ်သည့် စစ်တပ် ထောက်ခံသူ အဆိုတော် လီလီနိုင်ကျော်တို့ကို စစ်ကောင်စီက ရဲဗလဘွဲ့တံဆိပ်ပေးအပ်ခဲ့ကြောင်း သိရသည်။
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် စစ်ရာဇဝတ်မှုကျူးလွန်နေသည့် ပျူစောထီးခေါင်းဆောင် သီတာယုမွန်အပါအဝင် အမျိုးသမီး ၁၅၁ ဦးကို ရဲဗလဘွဲ့၊ ရဲကျော်စွာဘွဲ့၊ဝဏ္ဏကျော်ထင်ဘွဲ့များကို စစ်ကောင်စီက အမျိုးသမီးနေ့ အထိမ်းအမှတ် ဖြင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် သေဆုံးသွားသည်မှာ ၂ နှစ်ကျော်ကြာမြင့်ပြီဖြစ်ပြီး စစ်တပ်အာဏာသိမ်းမှု အပေါ်ထောက်ခံကာ စစ်ဗိုလ်ချုပ်များနှင့်ရင်းနှီးမှုရှိသည့် မဘသအဖွဲ့ဝင် လီလီနိုင်ကျော်ကိုလည်း ရဲဗလဘွဲ့ပေးအပ်ခဲ့သည်။
အဆိုတော် လီလီနိုင်ကျော်သည် ၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့က ရန်ကင်းမြို့နယ်တွင် မြို့ပြ ပြောက်ကျားတပ်ဖွဲ့များက ပစ်ခတ်ခဲ့၍ သေဆုံးခဲ့သည်။
မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့်ဆိုကာ စစ်ကောင်စီပေးအပ်သည့် ဘွဲ့တံဆိပ်များသည် စစ်တပ်အပေါ် အလွန်အမင်းထောက်ခံအားပေးပြီး အကြမ်းဖက်လုပ်ရပ်များ၊ အစွန်းရောက်လုပ်ရပ် များတွင် ပါဝင်သူများ အဓိကရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ဝဏ္ဏကျော်ထင်ဘွဲ့ကို အမျိုးသမီးသုံးဦးအား ပေးအပ်ခဲ့ပြီး သာသနာတော်ဆိုင်ရာဘွံတံဆိပ် သီဟသုဓမ္မသိင်္ဂီ ဘွဲ့နှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ် ထူးဆောင်ဘွဲ့တံဆိပ်များကိုလည်း ပေးအပ်ခဲ့သည်။
စစ်ကောင်စီသည် ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း၊ ကရင် အမျိုးသားအစည်းအရုံး /ကရင်လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ( KNU/KNLA-PC) ဒုတိယဥက္ကဋ္ဌ နော်ကပေါ်ထူးနှင့် ပညာရေးဝန်ကြီးဌာန ပါမောက္ခဌာနမှူး အငြိမ်းစား ဒေါက်တာ ဒေါ်ပိုတို့ကို ဝဏ္ဏကျော်ထင်ဘွဲ့ချီးမြှင့်ခဲ့သည်။
ထို့အပြင် သရုပ်ဆောင် စိုးမြတ်သူဇာ၊ မေသဉ္ဇာဦး၊ ဆွေဇင်ထိုက်တို့ကိုလည်း လူမှုထူးချွန်တံဆိပ် ပထမအဆင့်နှင့် အနုပညာထူးချွန်တံဆိပ်များ ပေးအပ်ခဲ့သည်။
ပုံစာ-ပျူစောထီခေါင်းဆောင် သီတာယုမွန် နှင့် အဆိုတော်လီလီနိုင်ကျော်။