ဧရာဝတီတိုင်းမ်
ဇူလိုင် ၃ ရက်

မန္တလေးတိုင်း၊ တံတားဦးမြို့၏ အနောက်မြောက်ဘက် ၅ မိုင်ခန့်ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၈ ရစ်(ခ်)တာစကေး ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်သွားပြီး စစ်ကိုင်းပြတ်ရွေ့မှ နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှု ၁၉၈ ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)ထံမှ သိရသည်။

အဆိုပါတံတားဦးငလျင်သည် ယနေ့ ဇူလိုင် ၃ ရက်နေ့ နံနက် ၇နာရီ ၁၀ မိနစ်ခန့်က အနက် ၁၀ ကီလိုမီတာမှ လှုပ်ခတ်ခြင်းဖြစ်ပြီး ငလျင်လှုပ်ခတ်မှုအရှိန်ကို မန္တလေးမြို့၊ ပြင်ဦးလွင်မြို့နှင့် စစ်ကိုင်းမြို့ ပတ်ဝန်းကျင်က သိသာစွာခံစားသိရှိရ ဒေသခံများက ဆိုသည်။

“ မနက်က ၇ နာရီကျော်လောက်ကပဲ။ သံဗန်းတွေ ဒုန်းဒုန်းအသံအကျယ်ကြီးထွက်လာတော့ ငလျင်လှုပ် မှန်း သိလိုက်တာ။ ကလေးတွေက ငလျင်လှုပ်ခတ်တာသိနေပြီ။ ဘာမှမဖြစ်တော့ဘူး နှစ်ထပ်တိုက် တောင် တော်တော်လေးသိသိသာသာခံစားလိုက်ရတယ်” ပြင်ဦးလွင်မြို့တွင်နေထိုင်သူ အမျိုးသမီး တစ်ဦးက ဧရာ၀တီတိုင်းကို ပြောသည်။

ထို့ပြင်ငလျင်လှုပ်ခတ်မှုကို မန္တလေးမြို့အတွင်းရှိ နေထိုင်သူများသိသာစွာခံစားလိုက်ရပြီး ထိတ်လန့်မှုများ ဖြစ်ပေါ်စေကာ မိုးသည်းထန်စွာသွန်းနေသဖြင့် ပြိုကျတိုက်အဆောက်အအုံ လက်ကျန် များ ထိခိုက်မည်ကို စိုးရိမ်နေကြောင်း မန္တလေးမြို့ခံများထံမှသိရသည်။

” အခုလှုပ်တာ တော်တော်ပြင်းတယ်။ အသံပါ ပါတယ်” ဟု မန္တလေးဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

လက်ရှိတွင်ငလျင်ကြီးဒဏ်ခံစားရသော ပြည်သူများသည် ယာယီအဆောက်အအုံများတွင်နေထိုင် နေရဆဲဖြစ်ပြီး မန္တလေးမြို့၊ Sky Villa ကွန်ဒိုအဆောက်အအုံတွင် ကျန်ရှိရုပ်အလောင်းများနှင့် အဆောက်အအုံများ ရှင်းလင်းနေဆဲဖြစ်ကာ ရုပ်အလောင်းများထပ်မံထွက်ပေါ်လျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော အင်အားပြင်းထန်သည့် ငလျင်ကြီးကြောင့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားရသော တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်ခုတို့တွင် သေဆုံးသူ ၃,၇၆၈ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅,၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၃၈ ဦး ရှိကြောင်း ဇွန်လ ၂၆ ရက်အထိ စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ- MFS (မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)