
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၂ ရက်
စစ်ကောင်စီ၏ ဗုံးကြဲဒဏ်ကို ခံနိုင်သော မြေအောက်ဆေးရုံ၊ဆေးခန်း တည်ဆောက်မည့်ကမ်ပိန်း ပြုလုပ်ပြီးနောက် ဘေးကင်းလုံခြုံသည့် စာသင်ကျောင်းများ ဆောက်လုပ်နိုင်ရန် ပြင်ဆင်နေကြောင်း အမျိုး သားညီညွတ်ရေးအစိုးရ (NUG)ထံမှ သိရသည်။
ပြည်သူလူထုကို ဘေးကင်းသော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန်အတွက် မြေအောက်ဆေးရုံ ရှစ်ရုံအထိ ဆောက်လုပ်သွားမည့် ကမ်ပိန်းကဲ့သို့ Safe School, Safe Education (လုံခြုံသောကျောင်း၊ လုံခြုံသောပညာရေး) ရန်ပုံငွေရှာ ဖွေရေးကိုလည်း ပြုလုပ်သွားရန်ရှိနေကြောင်း သိရသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် စာသင်ကျောင်းများကိုပါ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက် နေသဖြင့် ကျောင်းသူကျောင်းသားများအတွက် အစီအမံများလုပ်ဆောင်နိုင်ရန် ထိုကဲ့သို့ စီစဉ်ခြင်း ဖြစ်ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဆိုသည်။
“NUG အနေနဲ့ လုံခြုံစိတ်ချရတဲ့ အစီအမံတွေ ဆောင်ရွက်နေတာရှိတယ်။ ဒီနေရာမှာ ရန်ပုံငွေ တစ်စုံတစ်ရာလည်း လိုအပ်တာဖြစ်တဲ့အတွက် Safe School, Safe Education ဆိုတဲ့ ကမ်ပိန်းလုပ်ဖို့ ရှိပါ တယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဘေးကင်းလုံခြုံသည့် စာသင်ကျောင်းများ ဆောက်လုပ်နိုင်ရန်အတွက် Safe School, Safe Education ရံပုံငွေရှာဖွေရေး အစီအစဉ်ကို မကြာခင် ပြုလုပ်သွားရန်ရှိပြီး လက်ရှိတွင် NUG စိုးမိုးထိန်းချုပ် နယ်မြေများအတွင်း ဖွင့်လှစ်သင်ကြားနေသည့် ကျောင်းများကို ခေတ္တယာယီ ရပ်နားထားရန် ညွှန်ကြား ထားသည်။
“ကလေးတွေလည်း ပညာရေး နောက်မကျအောင်၊ အသက်အန္တရာယ် တစ်စုံတစ်ရာ ကြုံရနိုင်တဲ့ အခြေအနေမျိုးတွေအတွက် တတ်နိုင်သလမျှ ကာကွယ်ပေးနိုင်ဖို့ အကောင်းဆုံး ကြိုးစားနေပါတယ်” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောသည်။
NUG သည် စစ်ကောင်စီ၏ ဗုံးကြဲဒဏ်ကို ခံနိုင်သော မြေအောက်ဆေးရုံ၊ဆေးခန်း တည်ဆောက်မည့် Safe Hospital, Safe Healthcare ကမ်ပိန်းကိုလည်း ပြီးခဲ့သည့် မေ ၂၄ ရက်မှ ဇွန် ၃၀ ရက်ထိ ပြလုပ်ခဲ့ပြီး အဆိုပါကမ်ပိန်းသည် ရည်မှန်းထားသည့် အမေရိကန်ဒေါ်လာ ၄ သိန်း ပမာဏထက် များစွာ ကျော်လွန်ရရှိခဲ့သည်။
ထို့ကြောင့် မြေအောက်ဆေးရုံ ရှစ်ရုံအထိ ဆောက်လုပ်နိုင်ရန် လျာထားကာ လက်ရှိတွင် မြေအောက် ဆေးရုံ နှစ်ရုံကို စတင်ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
ယင်းဗုံးကြဲဒဏ်ခံနိုင်သော မြေအောက်ဆေးရုံ နှစ်ရုံကို မည်သည့်နေရာဒေသတွင် တည်ဆောက် နေသည်နှင့် နောက်တိုးထပ်မံ တည်ဆောက်နေမှုများ ရှိ/မရှိကိုမူ မြေပြင်လုံခြုံရေးအရ ပြော၍ မရသေးကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရက ဆိုသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
#မြေအောက်ဆေးရုံဆေးခန်း #ဘေးကင်းလုံခြုံ #စာသင်ကျောင်းများ #ဆောက်လုပ်နိုင်ရန်ပြင်ဆင် #NUG #Ayeyarwaddy_Times