
ဧရာ၀တီတိုင်းမ်
ဇူလိုင် ၂ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံအတွင်း ရောက်ရှိ နေထိုင်နေကြသည့် မြန်မာနိုင်ငံသားများအား လက်ရှိ ထိုင်းနိုင်ငံရေးအခြေအနေ များနှင့် ပတ်သက်၍ လိုက်နာရမည့်အချက်များ၊ ထိုင်းနိုင်ငံအပေါ် ကျေးဇူးတင်ရှိကြောင်းနှင့် လူသားချင်းစာနာမှု အကူအညီများ ဆက်လက်ပေးရန် မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ချက်ကို ယနေ့ ဇူလိုင် ၂ ရက် တွင် ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီ၏ ဖိနှိပ်မှုအပါအဝင် ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံသားများ စုဝေးဆန္ဒပြသည့် နေရာများကို ရှောင်ရှားရန်နှင့် ထိုင်းနိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခြင်းမပြုရန် ကို ထုတ်ပြန်ချက်၏ အဓိကအချက်အဖြစ် ဖော်ပြ ထားသည်။
ထို့အပြင် မိမိတို့ ယာယီခိုလှုံနေထိုင်လျက်ရှိသည့် နိုင်ငံ၏ ဥပဒေ၊ ဒေသန္တရ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းနှင့် လူမှုအသိုင်း အဝိုင်းတို့နှင့် သဟဇာတဖြစ်စွာ နေထိုင်နိုင်ရေးမှာ လွန်စွာအရေးကြီးပြီး ထိုင်းရောက်မြန်မာနိုင်ငံသားများအနေဖြင့် အဖက်ဖက်မှ ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးကြရန်လည်း အသိပေးထားသည်။
ထိုင်းနိုင်ငံတွင် ထွက်ပြေးခိုလှုံနေသည့် မြန်မာနိုင်ငံသားများသည် အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် ဖိနှိပ်ရက်စက်မှုများကြောင့်ဖြစ်ပြီး ထိုင်းနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ခြိမ်းခြောက်နေသူများ မဟုတ်ကြောင်း နှင့် မြန်မာနိုင်ငံအတွင်း အာဏာသိမ်းအကြမ်းဖက်မှုကို ဖယ်ရှားအောင်မြင်ပြီးပါက အမိမြန်မာနိုင်ငံသို့ ပြန်လည်နေထိုင်ကြမည်ဖြစ်ကြောင်း NUG က ပြောကြားထားသည်။
မြန်မာနိုင်ငံသားများ လက်ရှိယာယီခိုလှုံနေရသည့် ကာလအတွင်း ထိုင်းလူမှုအသိုင်းအဝိုင်း၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတို့ကို လေးစားလိုက်နာလျက် သဟဇာတဖြစ်စွာ နေထိုင်နိုင်ရေးကို ကြိုးစား ဆောင်ရွက်လျက်ရှိပြီး ထိုင်းနိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ထား၍ ဆက်လက်ကူညီ စောင့်ရှောက် ပေးပါရန် NUG က မေတ္တာရပ်ခံထားသည်။
ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများကိုယ်စား ထိုင်းဘုရင်၊ အစိုးရ၊ လွှတ်တော်၊ ထိုင်းတပ်မတော်နှင့် ထိုင်းပြည်သူလူထုတို့အပေါ် NUG နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အထူး ကျေးဇူးတင်ရှိကြောင်းလည်း ဆိုထားသည်။