
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၁ ရက်
စစ်ကောင်စီက ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေး ပါတီများအားအသွင်ကူးပြောင်းရေးကာလတွင် အရေးယူနိုင်ရန် စောင့်ကြည့်မှတ်တမ်းတင်သွားမည် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ဝန်ကြီးချုပ်ရုံးထံမှ သိရသည်။
ထိုရွေးကောက်ပွဲသည် ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်နေပြီး တရားမဝင် အတုအယောင်ဖြစ်၍ နိုင်ငံရေး ပါတီများ ဝင်ရောက်ယှဥ်ပြိုင်ပါက ဝိုင်းဝန်းပံ့ပိုး ကူညီပေးသူအဖြစ် ပြည်သူလူထုက သတ်မှတ်လိမ့်မည် ဖြစ်သလို NUG အနေဖြင့်လည်း စောင့်ကြည့်နေကြောင်း သိရသည်။
“ကျွန်တော်တို့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကို ဖော်ဆောင်တဲ့အခါကြရင် ဒီကိစ္စတွေက အစိတ်အပိုင်းတခုအနေနဲ့ ပါဝင်လာမှာပါ” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်း လတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းနိုင်ငံရေးပါတီများနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)နှင့် NUG အစိုးရ၊ တရားမဝင် အတုအယောင် ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီကလည်း ယခုနှစ် မေ ၁၀ ရက်က အကြံပြုတိုက် တွန်းချက် ထုတ်ပြန်ထားသည်။
ထို့အတူ NUG ၏ ယနေ့ဇူလိုင် ၁ ရက် ထုတ်လွှင့်သည့် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကား ပြောကြားခြင်း အစီအစဉ်တွင်လည်း အဆိုပါနိုင်ငံရေး ပါတီများကိစ္စ၊ NUG ရပ်တည်ချက်တို့ကို ဦးနေဘုန်းလတ်က ထပ်လောင်းပြောကြားခဲ့သည်။
စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ထားကြသည့် နိုင်ငံရေးပါတီ များသည် ၂၀၂၀ အထွေ ထွေရွေးကောက်ပွဲတွင် ပါတီအားလုံးပေါင်းပါက ပြည်ထောင်စုလွှတ်တော် နေရာ ၁၀ ရာခိုင်နှုန်းပြည့်အောင်ပင် အနိုင်မရရှိခဲ့ကြောင်း သိရသည်။
ယင်းအပြင် လူထုထောက်ခံမှုမရှိသည့် နိုင်ငံရေးပါတီများဖြစ်ပြီး လူထုထောက်ခံမှုရှိသော နိုင်ငံရေး ပါတီများအား နည်းလမ်းပေါင်းစုံဖြင့် ဖိနှိပ်ထားကာ ဟန်ပြပြုလုပ်ရန် ကြိုးစားနေသည့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲဖြစ်ကြောင်း ဦးနေဘုန်းလတ်က ဆိုသည်။
အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲ ကျင်းပပိုင်ခွင့် အခွင့်အာဏာမရှိသလို ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်သည် နိုင်ငံရေးအရ တရားဝင်မှု ရှိနေဆဲဖြစ်ပြီး ထိုရလဒ်အရ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်များ အခိုင်အမာတည်ရှိကြောင်း သိရသည်။
ထို့အပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပယ်ဖျက်ကြောင်း ကြေညာခဲ့ပြီးဖြစ်၍ ယင်းအခြေခံဥပဒေအတိုင်း လုပ်ဆောင်လျက်ရှိသည့် စစ်ကောင်စီ၏ လုပ်ရပ်မှန်သမျှ တရား ဝင်မှုမရှိကြောင်း NUG က ထုတ်ပြန်ဆိုသည်။