
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁ရက်
တိုက်ပွဲပြင်းထန်နေသည့် ငသိုင်းချောင်း၊ မြောက်စမ်း အမြောက်တပ် အမတ-၃၄၄မှနေ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အစုလိုက်ထွက်ပြေးနေကြကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန် ဒုတိယပတ်အတွင်းက တိုက်ပွဲဖြစ်ပွားနေစဉ် အမြောက်တပ်မှစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ယောက် ထွက်ပြေးသွားကြကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။
“အစုလိုက်ထွက်ပြေးလာတဲ့ တပ်ပြေးတွေကို သတင်းပေးတွေက ရပ်ကွက်အာပ်မှူးတွေကို အကြောင်းကြားလို့ ပြန်ဖမ်းမိသွားတာတွေရှိတယ်။ တိုက်ပွဲထဲ ပြန်ပို့တယ်လို့ သိရတယ်ခင်ဗျ” ဟု ငသိုင်းချောင်း ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထွက်ပြေးသူများထဲမှ ရှစ်ဦးမှာ လွတ်မြောက်သွားပြီး ကျန်သူများမှာ စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က အမတ ၃၄၄သို့ သတင်းပေးတိုင်ကြားသည့်အတွက် သပြေအိုင်ကျေးရွာတွင်ဖမ်းမိသွားကြောင်း သိရသည်။
ဇွန် တတိယပတ်အတွင်းကလည်း ရေကြည်မြို့နယ်၊ လယ်တီကျေးရွာသို့ တပ်ပြေး ၁၅ ဦးရောက်ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါအဖွဲ့မှာ အခြားဒေသသို့ ထွက်ပြေးရန် ကားငှားနေစဉ်တွင် အိုင်သပြုလမ်းဆုံနှင့် ပန်းတောကြီး တံတားဂိတ်မှ စစ်ကောင်စီနှင့် ရဲများက လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။
အမြောက်တပ် ၃၄၄အနီးထိ တော်လှန်ရေးတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အတွက် တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီး တချို့ကို ကျုံပျော် ခလရ ၃၆အတွင်း စစ်ကောင်စီက နေရာရွှေ့ထားရသည်။
ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အရာရှိအချို့မှာလည်း ကျုံပျော်သို့ အသုတ်လိုက် ထွက်ပြေးလာရာ ထိုသို့ ထွက်ပြေးလာသူများကို စစ်ကောင်စီက တိုက်ပွဲအတွင်းပြန်ပို့ခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။