ဧရာဝတီတိုင်းမ်
(ရေး)၊ ဇူလိုင် ၁ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ရွာ အခြေစိုက် ခမရ-၃၄၃ တပ်ရင်းဝင်း အတွင်းရှိ စစ်ကောင်စီ စခန်းတစ်ခုကို ယနေ့ ဇူလိုင် ၁ ရက်နေ့၊ နံနက် ၅ နာရီဝန်းကျင်တွင် ရေဘီလူးအဖွဲ့မှ သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်ခဲ့သည့်စစ်ကောင်စီစခန်းမှာ ခမရ-၃၄၃တပ်ရင်းနယ်မြေရှိ အင်အား ၂၀ ဝန်းကျင်ရှိ ဂိတ်စခန်းတစ်ခုဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် ၄၅ မိနစ်ဝန်းကျင်ကြာမြင့်ပြီးနောက် စခန်းကုန်းကို ရှင်းလင်း နိုင်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးဝန်းကျင် သေဆုံးခဲ့ကြောင်း သိရသည်။

“သူတို့ရဲ့တပ်ဝင်းထဲမှာပဲ ဒီစခန်းကုန်းကရှိတဲ့အတွက် ဆက်သွယ်ရေးမြောင်းတွေက တန်းလျားတွေထိ ပတ်ပတ်လည်ဆက်ပြီးတူးထားတဲ့အတွက် ဆက်ပြီးလိုက်လို့မရတော့ဘူး။ နောက်ပြီး ကျွန်တော်တို့ ရဲဘော်တစ်ဦးလည်းကျတော့ ရဲဘော်ရဲ့သေဆုံးခန္ဓာကိုယ်ကိုပဲ ပြန်ဆွဲထုတ်နိုင်ခဲ့တယ်” ဟု ရေးဘီလူး အဖွဲ့ ခေါင်းဆောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲအတွင်း ရေးဘီလူးတပ်ဖွဲ့မှ ကျဆုံးခဲ့သည့် ရဲဘော်မှာ ထက်မြတ်မာင်(ခ)အသေးလေး ဖြစ်ပြီး စစ်ကောင်စီက ခမရ-၃၄၃ တပ်ရင်းမှ စစ်ကူများအပြင် ခမရ-၅၈၇ တပ်ရင်းမှ စစ်ကူများလည်း ပေးပို့ခဲ့ကြောင်းသိရသည်။

ရေဘီလူးအဖွဲ့သည် ပြီးခဲ့သည့် ဇွန် ၈ ရက်နေ့ကလည်း ရေးမြို့နယ် အာယုတောင်ရွာထိပ်ရှိ စစ်ကောင်စီ စခန်းတစ်ခုကို သွားရောက်တိုက်ခိုက်ရာ စခန်းရှိတပ်ဖွဲ့ဝင်များမှာ ခုခံခြင်းမပြုဘဲ ထွက်ပြေးသွားပြီး အာယုတောင်ရွာဝန်းကျင်ရှိ အခြားစစ်ကောင်စီစခန်းငယ်များမှာလည်း စခန်းစွန့်ခွာခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ပေးပို့
ပုံစာ – ကျဆုံးခဲ့သည့်ရေးဘီလူးတပ်ဖွဲ့ဝင် ထက်မြတ်မောင်