ဧရာဝတီတိုင်းမ်
ဇူလိုင် ၁ ရက်

ပို့ကုန်တင်ပို့ငွေများကျန်ရှိနေသော ကုမ္ပဏီပေါင်း ၂၀၀ နီးပါးတွင် ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင်စောချစ်သူ၏ ချစ်လင်းမြိုင် ကုမ္ပဏီပါဝင်နေပြီး ကုမ္ပဏီနှင့် ကုမ္ပဏီဒါရိုက်တာ အဖွဲ့ဝင်များကို အမည် ပျက်စာရင်းသတ်မှတ်ကြောင်းစစ်ကောင်စီထုတ်ပြန်သည်။

အဆိုပါကုမ္ပဏီများတွင် ခရီးသွားလုပ်ငန်းကုမ္ပဏီများ၊ ကုန်သွယ်ရေးလုပ်ငန်းကုမ္ပဏီများပါဝင်ပြီး အမည်ပျက်စာရင်းသွင်းခံရသည့် ကုမ္ပဏီဒါရိုက်တာများတွင် BGF ခေါင်းဆောင်ဗိုလ်မှူးချုပ် စောချစ်သူမိသားစု၊ မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြား သားများပါဝင်ကြောင်းသိရသည်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် – ၂၀၂၀ ပြည့်နှစ်အတွင်း ပို့ကုန် တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေပြန်လည်ဝင်ရောက် ရန်ကျန်ရှိနေသည့် ကုမ္ပ ဏီပေါင်း ၁၉၇ ခုသည် သတ်မှတ်ချက်များကို လိုက်နာခြင်းမရှိသဖြင့် ကုမ္ပဏီနှင့် ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင် အမည်ပျက် စာရင်းထည့်သွင်းကြောင်း ထုတ်ပြန်သည်။

“ အရင်အစိုးရ ( NLD) ကမလုပ်ခဲ့ဘူးဆိုပြီး ပြန်အပုတ်ချချင်တာဖြစ်မယ်။ အဲဒီတုန်းကဒီလိုအခြေ အနေမဟုတ်ဘူးးလေ။ ကြိုက်သလိုသုံးခွင့်ရှိတယ်။ စစ်ကောင်စီက ထိန်းချုပ်လိုက်တာ။ အခု အမည်ပျက် စာရင်းလုပ်ခံရတဲ့သူတွေက ကုမ္ပဏီထောင်ခွင့်တွေမရှိတော့ဘူး။ ကုမ္ပဏီသက်တမ်းတိုး မရဘူး။ ကုမ္ပဏီထောင်တဲ့အခါသူတို့နာမည်ပါရင် ကုမ္ပဏီထူထောင်ခွင့်မရတော့ဘူး။ ဒါပေမဲ့ အခြားနာမည်တွေနဲ့လုပ်လို့ရနေတာပါပဲ” ကုမ္ပဏီမှတ်ပုံတင်နှင့်ကုန်သွယ်မှုလုပ်ငန်းဝန်ဆောင်ပေးသူ အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

နိုင်ငံခြားငွေ လိုအပ်ချက်များနေသော စစ်ကောင်စီသည် ပို့ကုန်ရငွေများကို ရက်ပေါင်း ၆၀ အတွင်း ပို့ကုန်ကုမ္ပဏီ၏ ပြည်တွင်း နိုင်ငံခြားငွေစာရင်းထဲထည့်ရန်ထုတ်ပြန်ထားသည်။

ထို့ပြင် လက်ရှိသွင်းကုန်ကုမ္ပဏီများတွင်လည်း စစ်တပ်အုပ်စုလုပ်ငန်းများရှိကုန်ပစ္စည်းများသာ အဓိကတင်သွင်းမှုရှိပြီး ငလျင်ဘေးလှူဒါန်းထားသည့် ကုန်ပစ္စည်းများသာ ထုတ်ယူမှုများနေကြောင်း ကုမ္ပဏီမှတ်ပုံတင်နှင့်ကုန်သွယ်မှုလုပ်ငန်းဝန်ဆောင်ပေးသူက ဆက်လက်ပြောကြားသည်။

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၈ -ခ အရ ပို့ကုန်ရငွေများကို သတ်မှတ်ကာလအတွင်း နိုင်ငံတော် အတွင်းရှိဘဏ်ငွေစာရင်များထဲသို့ နိုင်ငံခြားသုံးငွေထည့်သွင်းရန်ပျက်ကွက်သူများကို ထောင်ဒဏ်၊ ငွေဒဏ်နှင့် ဒဏ်နှစ်ရပ်လုံးကျခံစေရန်ပြဌာန်း ထားကြောင်းသိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန်ကျန်ရှိသော ကုမ္ပဏီ ၁၃၇ ခုအနက် ပို့ကုန်ရငွေစာရင်းရှင်းလင်းပြီးသော ကုမ္ပဏီ ၅၉ ခုနှင့် ယင်းကုမ္ပဏီများ၏ ဒါရိုက်တာ အဖွဲ့ဝင်များအား အမည်မည်းစာရင်းမှပယ်ဖျက်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်