ဧရာဝတီတိုင်းမ်
ဇူလိုင် ၁ ရက်

ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်ထရာရဲ့ ကျင့်ဝတ်ဆိုင်ရာချိုးဖောက်ခြင်း စွပ်စွဲထားတဲ့ အမှုကို လက်ခံဖို့ ဖွဲ့စည်းပုံဆိုင်ရာခုံရုံးက ယနေ့ ဇူလိုင် ၁ ရက်နေ့က ဆုံးဖြတ်လိုက်ပါတယ်။

ဖွဲ့စည်းပုံဆိုင်ရာခုံရုံးက စွပ်စွဲချက်အမှုကို လက်ခံလိုက်လို့ ပေထောင်တန်ကို စီရင်ချက်မချမီအထိ ဝန်ကြီးချုပ်ရာထူးမှ ဆိုင်းငံ့ထားမယ်လို့ သိရပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆမ်နဲ့ နယ်စပ်အရေး ဖုန်းပြောဆိုမှု ပေါက်ကြားမှု ကြောင့် ပေထောင်တန်ကို ရာထူးမှနှုတ်ထွက်ဖို့ အထက်လွှတ်တော်အမတ်တွေက ဖွဲ့စည်းပုံဆိုင်ရာခုံရုံး ထံ အသနားခံလွှာ တင်ပြခဲ့ပါတယ်။

ပေါက်ကြား အသံဖိုင်ထဲမှာ ပေထောင်တန်က အမှတ် (၂) စစ်တိုင်းမှူးကို ရန်ဘက်အဖြစ် ပြောဆိုတာနဲ့ ဟွန်ဆမ်ကို အလျှော့ပေးတာတွေကြောင့် အမျိုးသားရေးအစွန်းရောက်တွေက သူ့ကို ရာထူးမှနှုတ် ထွက်ပေးဖို့ ဆန္ဒပြခဲ့ကြပါတယ်။

တစ်ချိန်တည်းမှာပင် ဒုတိယဝန်ကြီးချုပ်နဲ့ ပို့ဆောင်ရေးဝန်ကြီး ဆူရီယာဂျန်ဂရန်ရီယန်ကစ်ကို ယာယီဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။

ဆူရီယာဟာ ဝန်ကြီးချုပ်ရာထူးနဲ့ညီမျှတဲ့ လုပ်ပိုင်ခွင့်အာဏာ ရရှိမှာဖြစ်ပြီး ရာထူးခန့်အပ်မှုများ၊ အမိန့်များ ထုတ်ပြန်နိုင်မှာဖြစ်ကာ ဇူလိုင် ၃ ရက် အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို ဉီးဆောင်မယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

ကိုးကား – Thai Media

#Ayeyarwaddy_Times