ဧရာဝတီတိုင်းမ်
ဇူလိုင် ၁ရက်

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့အနီးရှိ ဒေါင့်ကြီးရွာတွင် စစ်ကောင်စီက လက်နက်ကြီးများပို့ဆောင်ပြီး စခန်းချ အခြေပြုရန် ပြင်ဆင်နေကြောင်း သိရသည်။

ငသိုင်းချောင်းမြို့နှင့် မြစ်တစ်ဖက်ကမ်းရှိ ဒေါင့်ကြီးရွာတွင် စစ်ကောင်စီက အင်အားစုဖွဲ့ပြီး လက်နက်ကြီးစခန်း အခြေပြုမည်ဖြစ်ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

“အမြောက်တပ်ဘက်မှာ တိုက်ပွဲနေ့တိုင်းဖြစ်တယ်။ ကျုံပျော်က တပ်တွေ အင်အားလာပို့တာတွေ့ရတယ်။ အမြောက်တပ်ကိုကူဖို့ ရွာတွေမှာတပ်စွဲတာတွေရှိပါတယ်” ဟု ငသိုင်းချောင်း ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဒေါင့်ကြီးရွာရှိ ‌ရွှေကျောင်း ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ငသိုင်းချောင်း တံတားဘက်သို့ ရွှေ့လိုက်ပြီး ကျုံပျော်မှ စစ်ကောင်စီတပ်ဖွဲ့များမှာ ဘုန်းကြီးကျောင်းအတွင်း အင်အားစုဖွဲ့လာကြောင်း သိရသည်။

အင်္ဂပူနှင့် လေးမျက်နှာမြို့နယ်များရှိ ကျေးရွာအချို့ကို တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက ကျုံပျော် ခလရ ၃၆ မှ ထုတ်နှုတ်အင်အားများဖြင့် လက်နက်ကြီးစခန်းများ အခြေပြုရန်ကြိုးစားလာခြင်း ဖြစ်သည်။

လေးမျက်နှာမြို့နယ်ရှိ ပိန္နဲကွင်းကျေးရွာတွင်လည်း စစ်ကောင်စီက အင်အား ၅၀ခန့်ဖြင့် လက်နက်ကြီး စခန်းတစ်ခု အခြေပြုထားပြီး ရေနံ့သာလမ်းဆုံနှင့် လက်ပံရွာဘုန်းကြီးကျောင်းတွင်လည်း အရာရှိများပါဝင်သော အင်အား ၁၅ယောက်စီခန့်ကို အသင့်ပြင်ဆင်ထားရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ-အင်တာနက်

#ဧရာဝတီ #ငသိုင်းချောင်း #စစ်ကောင်စီ #နယ်မြေဆုံးရှုံး #လက်နက်ကြီးစခန်း #အခြေပြု #Ayeyarwaddy_Times