
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁ ရက်
ထိုင်းဝန်ကြီးချုပ် ပေထုံတန်ရှင်နာဝပ်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်တို့၏ ဖုန်းပြောဆိုမှု ကိစ္စနှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ ဝန်ကြီးချုပ်ရာထူးကို ယာယီရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များ စုံစမ်းစစ်ဆေးမှုမပြီးမချင်း ပေထုံတန်ရှင်နာဝပ်၏ ဝန်ကြီးချုပ်ရာထူးကို ရပ်ဆိုင်းထားမည်ဖြစ်သည်။
ထိုသို့ ဝန်ကြီးချုပ်တာဝန်ကို ရပ်ဆိုင်းထားသော်လည်း ပေထုံတန်ရှင်နာဝပ်သည် တာဝန်မှ ရပ်ဆိုင်းခြင်း မခံရမီ ယနေ့ ဇူလိုင် ၁ ရက်နေ့ နံနက်ပိုင်းက ယဉ်ကျေးမှုဝန်ကြီးအဖြစ် ပူးတွဲတာဝန်ယူရန် လျှောက်ထားခဲ့ရာ ထိုင်းဘုရင်မင်းမြတ်က လက်ခံသည့်အတွက် ယဉ်ကျေးမှုဝန်ကြီးအဖြစ် ဆက်လက် ရှိနေမည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်နှင့် စကားပြောသော အသံဖိုင်တွင်ပါဝင်သည့် အကြောင်း အရာများနှင့် ပတ်သက်ပြီး ထိုင်းအထက်လွှတ်တော် အမတ် ၃၆ ဦး၏ တင်ပြတိုင်ကြားချက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ တရားသူကြီး ကိုးဦးက လက်ခံခဲ့ပြီးနောက် ၇ မဲ ၂မဲဖြင့် ဝန်ကြီးချုပ် ပေထုံတန်ရှင်နာဝပ်ကို ရာထူးမှ ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
အထက်လွှတ်တော်အမတ်များက ပေထုန်တန်သည် နိုင်ငံ၏ အချုပ် အခြာအာဏာကို ထိခိုက်စေ သည်ဟူသော စွဲချက်ဖြင့် ဥပဒေပုဒ်မ-၈၂၊ ပုဒ်မ-၁၇၀(၃) တို့ဖြင့် တရားရုံးမှ အရေးယူရန်နှင့် ပုဒ်မ-၁၇၀(၄)၊ ပုဒ်မ-၁၆၀(၄)၊(၅) တို့ဖြင့်ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားရန် တရားရုံးသို့တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။
လက်ရှိတွင် ယာယီထိုင်းဝန်ကြီးချုပ်အဖြစ် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးဝန်ကြီးဖြစ်သူ Suriya Jungrungruangkit မှ တာဝန်ယူသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ကိုးကား – The Nation Thailand
#Ayeyarwaddy_Times