
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၁ ရက်
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများကို ဂရုမစိုက်ဟု ပြောဆိုကာ အဆိုပါကိစ္စရပ်များကို ကျော်လွှားနိုင်ရေးအတွက် ရုရှားဦးဆောင်သည့် ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU)အဖွဲ့ဝင်နိုင်ငံ ဖြစ်ချင်နေကြောင်း ၎င်းတို့၏ ဖော်ပြချက်များအရ သိရသည်။
ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့တွင် ပြုလုပ်သည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025)ကို စစ်ခေါင်းဆောင် တက်ရောက်၍ ထိုသို့ပြောဆိုသလို ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကလည်း ယမန်နေ့ ခရီးစဥ်အပြန်တွင် ထပ်မံအတည်ပြုခဲ့သည်။
“မြန်မာနိုင်ငံအနေနဲ့ EAEU ရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့အတွက် EAEU ရဲ့လေ့လာခွင့်ရရှိတဲ့နိုင်ငံ၊ လေ့လာသူ နိုင်ငံဖြစ်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားဆောင်ရွက်နေပါတယ်” ဟု စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဝါဒဖြန့်မီဒီယာများကို ပြောသည်။
ထိုကဲ့သို့ ကြိုးစားရာတွင်လည်း အောင်မြင်နိုင်လိမ့်မည်ဟု မြင်မိသလို EAEU အဖွဲ့ဝင် နိုင်ငံများ ဖြစ်ကြသော ရုရှားနှင့် အခြားအဖွဲ့ဝင် နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံကို ကြိုဆိုလက်ခံသည်ဟု မြင်မိကြောင်း စစ်ခေါင်းဆောင်၏ ပြောစကားကိုအခြေခံ၍ ထောက်ခံပြောဆိုခဲ့သည်။
အဆိုပါ ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU) ကို ၂၀၁၅ ခုနှစ်တွင် ရုရှားနိုင်ငံက ဦးဆောင်၍ အာမေးနီးယား၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ ဘယ်လာရုစ်နိုင်ငံတို့ဖြင့် စတင်ဖွဲ့စည်းခဲ့ကာ စီးပွားရေး အဖွဲ့အစည်းဖြစ်ပြီး ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF)ကိုမူ ၂၀၂၂ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့ကြောင်း သိရသည်။
ထို့အပြင် စီးပွားရေးဖိုရမ် (EEF)ကို ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EAEU)၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် အဖွဲ့ဝင်နိုင်ငံက ကြီးမှူးကျင်းပရပြီး ပထမအကြိမ် ဖိုရမ်အား ကာဂျစ်စတန်နိုင်ငံ၊ ဘစ်ရှ်ခက်မြို့၌ ၂၀၂၂ ခုနှစ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ယင်းနောက် ဒုတိယအကြိမ်ကို ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ၂၀၂၃ ခုနှစ်နှင့် တတိယအကြိမ်ကို အာမေးနီး ယားနိုင်ငံ၊ ယဲရဗန်မြို့တွင် ၂၀၂၄ ခုနှစ်ကလည်းကောင်း ကျင်းပခဲ့ပြီး ယခုနှစ်၌ ဘယ်လာရုစ် နိုင်ငံတွင် စတုတ္ထအကြိမ် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရသည့် ယနေ့နိုင်ငံတကာ အခင်းအကျင်းတွင် ခြိမ်းခြောက်မှုများကို ကျော်လွှားနိုင်ရန်အတွက် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂအဖွဲ့ကြီး၏ အခန်းကဏ္ဍသည် အရေးကြီးဟု စစ်ခေါင်းဆောင်က ဖိုရမ်တက်ရောက်စဥ် ပြောဆိုခဲ့သည်။
ထို့အပြင် EAEU သည် ပြင်ပစီးပွားရေး စိန်ခေါ်မှုများနှင့် ပိတ်ဆို့ဒဏ်ခတ်မှုများကြားတွင် မကြာသေးမီ နှစ်များအတွင်း တည်ငြိမ်သောတိုးတက်မှုများ၊ အရေးပါသော အောင်မြင်မှုများအား ပြသနိုင်သည်ကို ဝမ်းမြောက်စွာ တွေ့ရှိရကြောင်း ၎င်းက ဆိုသည်။
“EAEU ဆိုတာ ရုရှားက ဦးဆောင်ဖွဲ့တဲ့ စီးပွားရေး အဖွဲ့အစည်းပါ။ ရုရှားတောင် ကုန်သွယ်မှုနည်းနေတာ ကျန်နိုင်ငံတွေနဲ့ သိပ်မရှိဘူးထင်တယ်” ဟု မြန်မာ့အရေး လေ့လာစောင့်ကြည့်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြန်မာနိုင်ငံအတွက် စစ်အာဏာသိမ်းပြီးနောက် ရုရှားနိုင်ငံသည် အရေးပါသော ကုန်သွယ်ဖက်နိုင်ငံတစ်ခု ဖြစ်လာသော်လည်း ကုန်သွယ်မှု ပမာဏမများသလို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း ဒေါ်လာ ၂၈၈ သန်းသာ ရှိခဲ့ကြောင်း သိရသည်။
ယင်းပမာဏသည် ဒေါ်လာ ၄.၄ ဘီလီယရှိ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးထက်ပင် နည်းပါးနေပြီး ရုရှားနိုင်ငံမှ လက်နက်ဝယ်ယူမှု ပမာဏ မပါဝင်ကြောင်း အထက်ဖော်ပြပါ မြန်မာ့အရေး လေ့လာစောင့်ကြည့်သူက ထောက်ပြသုံးသပ်သည်။
စစ်ခေါင်းဆောင်သည် ယခုနှစ်၊ မတ်လကလည်း ဘယ်လာရုစ်နိုင်ငံသို့ သွားရောက်၍ သမ္မတ လူကာရှန်းကော့နှင့်အတူ ၎င်းတို့ကို ဒဏ်ခတ်ချမှတ်ထားသော နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုများကို ဂရုမစိုက်ဘဲ အတူတကွ ပူးပေါင်းကျော်လွှားသွားမည်ဟု ပြောဆိုထားသည်။
လက်ရှိတွင် ၎င်းတို့နှစ်နိုင်ငံကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ဆုံးဖြတ်ချက် အပါအဝင် ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်၊ ဩစတြေးလျ၊ ကနေဒါ၊ ဂျပန် စသည့်နိုင်ငံတို့က ဆန်ရှင်များ ချမှတ်ထားပြီး လူပုဂ္ဂိုလ်၊ စီးပွါးရေး လုပ်ငန်းများ စသည်တို့ကို ပိတ်ပင်တားမြစ် ထားကြောင်း သိရသည်။
ဓာတ်ပုံ- စစ်ကောင်စီ
#အရေးယူပိတ်ဆို့မှုများ#ရုရှားဦးဆောင် EAEU အဖွဲ့#စစ်ခေါင်းဆောင် #ဘယ်လာရုစ်နိုင်ငံ #Ayeyarwaddy_Times