
(တမူး)၊ဧရာဝတီတိုင်းမ်
ဇွန် ၃၀ ရက်
စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် စစ်ကောင်စီနှင့် ပျူစောထီအဖွဲ့တို့သည် ဒေသခံပြည်သူများ မွေးမြူထားသည့် ကျွဲ၊ နွားတို့ကို မကြာခဏ ခိုးယူသတ်ဖြတ် စားသောက်နေကြကြောင်း ဒေသခံများထံမှ သိရှိရသည်။
တမူးမြို့ဒေသခံပြည်သူများသည် ၎င်းတို့မွေးမြူထားသည့် ကျွဲ၊ နွားတို့ကို စားကျက်မြေတွင် လွှတ်ထားစဉ် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့က ခိုးယူသတ်ဖြတ်နေကြခြင်းဖြစ်သည်။
“ကျွန်တော်တို့က စားကျက်မြေမှာ ကျွဲတွေ၊ နွားတွေ ဒီအတိုင်း လွှတ်ထားနေကျပါ။ အဲဒါကို စစ်သားတွေ၊ ပျူစောထီးတွေက ပိုင်ရှင်တွေ မရှိတဲ့ချိန်မှာ လာပြီး ခိုးယူသတ်ဖြတ်နေကြတယ်။ အစကတော့ ပျောက်သွားတာမျိုး မဟုတ်ဘဲ ရှာမတွေ့တာလို့ထင်ခဲ့တာပါ။ နွားတွေ၊ ကျွဲတွေက အချိန်တန်လည်း ပြန်မတွေ့ဘဲ ပျောက်ပျောက်သွားတယ်။ နောက်မှ စစ်သားတွေ၊ ပျူစောထီးတွေက ခိုးယူသတ်ဖြတ်တယ်ဆိုတာ သိရတယ်။ အခုရက်ပိုင်း အခြေအနေ ပိုဆိုးလာတယ်”ဟု တမူးမြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယမန်နေ့ ဇွန်လ ၂၉ ရက်ရက်နေ့၊ နေ့လယ် ၁ နာရီဝန်းကျင်အချိန်ကလည်းကျွန်းပင်သာရွာရှိ စားကျက်မြေတွင် လွှတ်ထားသည့်နွားများကို ရွာတွင်အခြေချထားသည့် စစ်ကောင်စီနှင့် ပျူစောထီးတို့မှ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်းသိရသည်။
“မနေ့ကလည်း နွားတွေကို စားကျက်မြေမှာ လွှတ်ထားလိုက်တာ။ နေ့လယ်ရောက်ရော့ သေနတ်သံတွေကြားရတယ်။ သွားကြည့်လိုက်တော့ စစ်သားတွေ၊ ပျူစောထီးတွေ နွားတွေကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်နေတာ တွေ့ရတယ်။ ဘယ်သူမှမတားရဲဘူး။ ညနေပိုင်း နွားတွေစစ်ဆေးကြည့်တော့ ခုနှစ်ကောင် ပျောက်သွားတယ်”ဟု တမူးမြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် မတ်၊ ဧပြီ၊ မေလတုန်းကတည်းက တမူးမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများ၏ ကျွဲ၊ နွားတို့ကို စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့မှ ဖမ်းဆီးပြီး သတ်ဖြတ်စားသောက်နေကြသလို ရောင်းချမှုများလည်းပြုလုပ်ကြောင်း သိရသည်။
တမူးမြို့သည် စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ ထိန်းချုပ်ထားသည့်မြို့ဖြစ်ပြီး မြို့ခံများကိုလည်း အလှည့်ကျ ကင်းစောင့်ခိုင်းခြင်းများကိုလည်း ပြုလုပ်လျက်ရှိသည်။