
ဧရာဝတီတိုင်းမ်
ဇွန် ၃၀ ရက်
စစ်ကောင်စီက မန္တလေး ဂေါဝိန်ဆိပ်ကမ်းတွင် စစ်ရေယာဉ်အစုအဖွဲ့ ၂၅ စီးကို ကမ်းကပ်ပြင်ဆင်နေမှုများ ပြုလုပ်နေကြောင်း သိရသည်။
မန္တလေး ဂေါဝိန်ဆိပ်မှ ပေပင်ဆိပ်အထိ သင်္ဘော၊ သံခွန်၊ မော်တော်ဘုတ်၊ တိုက်ရေယာဉ်အပါ ၂၅ စီးကို စစ်ကောင်စီက ထွက်ခွာရန်အတွက် ယမန်နေ့ ဇွန် ၂၉ ရက်နေ့က ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။
“အခုထိတော့ အဲဒီစစ်ရေယာဉ်အစုအဖွဲ့ဟာ ရွှေကူကိုတက်မယ်လို့ သတင်းရထားပါတယ်။ ပထမစစ်ရေ ယာဉ်တန်းက စစ်ကိုင်းဘက်ဝင်သွားတာဆိုတော့ အခုစစ်ကြောင်းက ရွှေကူကိုသွားမယ်ဆိုတာ ဖြစ်နိုင် ပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ စစ်ရေယာဉ်အစုအဖွဲ့သည် ရွှေကူအထိ တက်မည်ဖြစ်ပြီး ရွှေကူတွင် ကြည်းတပ်၊ ရေတပ် အင်အား ပြန်လည် စုဖွဲ့အခြေချမည့် အစီအမံများရှိနေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
ဗန်းမော်မြစ်ကျဉ်းသည် ဗန်းမော်နှင့်ရွှေကူကြားတွင်ရှိပြီး ယမန်နှစ်ကလည်း စစ်ကောင်စီက လက်နက် ရိက္ခာနှင့် စစ်ကူများကို စစ်ရေယာဉ်ဖြင့် ပို့ဆောင်ခဲ့ရာတော်လှန် ရေးတပ်ဖွဲ့များ၏ကြားဖြတ် တိုက်ခိုက်မှု ကြောင့် စစ်ရေယာဉ်အများစု မီးလောင်ပျက်စီးခဲ့ရသည်။
ပြီးခဲ့သည့် ဇွန် ၂၁ ရက်နေ့က ဝါးခယ်မမြို့မှထွက်လာသည့် စစ်ရေယာဉ် ၁၂ စီးသည် ချင်းတွင်းမြစ် အတွင်းသို့ ဝင်ရောက်သွားပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက ရှေ့ထွက်မိုင်းများဖြင့် ဆီးကြိုတိုက်ခိုက် နေကြောင်း သိရသည်။
အဆိုပါစစ်ရေယာဉ်များသည် စစ်ကိုင်းရှိ စစ်ကောင်စီ စခန်းများကို လက်နက်ရိက္ခာထောက်ပို့ရန် အစီအစဉ်ရှိပြီး ထီးချိုင့်၊ ကသာ၊ ရွှေကူဘက်ရှိ စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် ဇွန်လတတိယ ပတ်မှစတင်ကာ နယ်မြေရှင်းလင်း စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
ဓာတ်ပုံ-AKZ(SALINGYI)
ပုံစာ -ဇွန် ၂၈ ရက်က မုံရွာဆိပ်ကမ်းရောက်ရှိနေသည့် စစ်သင်္ဘောများ