ဧရာဝတီတိုင်းမ်
ဇွန် ၃၀ ရက်

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဇွန် ၃၀ မှ ဇူလိုင် ၅ ရက်နေ့အတွင်း တိုင်းနှင့်ပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာပြီး နေရာကွက်၍မိုးကြီးမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ထုတ်ပြန်သည်။

လက်ရှိတွင် အချို့မြစ်ကြီးများဖြစ်သော ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ ပဲခူးမြစ်တို့တွင် မြစ်ရေတက်နေကာ စိုးရိမ်ရေမှတ်ရောက်ရှိမည်ဖြစ်ကြောင်း ယင်းဌာနထံမှသိရသည်။

အဆိုပါလေဖိအားနည်းရပ်ဝန်းသည် အနောက် – အနောက် မြောက်ဘက်သို့ ဖြည်းညင်းစွာ ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ ဩရိသပြည်နယ် မြောက်ပိုင်းနှင့် အနောက် ဘင်္ဂလားပြည်နယ်တို့ကိုဖြတ်‌ကျော်မည်ဖြစ်သည်။

ယင်းအရှိန်အပါအဝင် မုတ်သုံလေအား ကောင်းမှုနှင့် အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်မိုးသည်းထန်ပြီးထစ်ချုန်းရွာနိုင်ကြောင်းသိရသည်။

မန္တလေးတိုင်း၊မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် ကရင်နီ ( ကယား)ပြည်နယ်တို့တွင် နေရာကျဲကျဲမိုးထစ်ချုန်းရွာသွန်းမည်ဖြစ် ကြောင်းသိရသည်။

နေပြည်တော်၊ ရန်ကုန်တိုင်၊ ပဲခူးတိုင်း၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးမည်ဖြစ်သည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ မိုးကြိုးပစ်ခြင်း၊ လျှပ်စစ်လက်ခြင်းတို့ဖြစ်ပါ်နိုင်ပြီး ရုတ်တရက်ရေကြီးနိုင်သဖြင့်သတိထားရန်လိုအပ်ကြောင်းသိရသည်။

လက်ရှိတွင် ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့တွင် စိုးရိမ် ရေမှတ်အထက်ရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်းပြန်မည်ဖြစ်ကာ အဆိုပါချင်းတွင်းမြစ်ရေသည် လာမည့်တစ် ရက်အတွင်း မုံရွာမြို့တွင် စိုးရိမ်ရမှတ်သို့ ရောက်ရှိမည်ဖြစ်သည်။

ထို့ပြင်စစ်တောင်းမြစ်ရေသည် လာမည့်တစ် ရက်အတွင်း မဒေါက်မြို့၏ စိုးရိမ် ရေမှတ်သို့ရောက်နိုင်‌‌ပြီးပဲခူးမြစ်ရေသည် လာမည့် ၃၆ နာရီအတွင်း စိုးရိမ်ရမှတ်သို့ရောက်ရှိမည်ဖြစ် ကြောင်းသိရသည်။

ယင်းပြင် မြစ်ကမ်းပါးအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများတွင်ကြိုတင်သတိထားရန်နှင့် မြစ်ရေတက်လာပါကအချိန်မီ ရွေ့ပြောင်းနေရမည်ဖြစ်ကြောင်း သတိပေးနှိုးဆော်ထားသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ကာ ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်၍ လှိုင်း အမြင့် ၁၁ ပေမှ ၁၃ ပေခန့်ရှိ နိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်၊ လူမှုကွန်ရက်