
ဧရာဝတီတိုင်းမ်
ဇွန် ၃၀ ရက်
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်ရှိ ဘယ်ပြားကုန်းနှင့် စာစီကုန်းကျေးရွာများမှ စစ်ကောင်စီစခန်းများကို အာရက္ခတပ်တော် (AA ) နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်လိုက်ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲနေသည့် ဘယ်ပြားကုန်းနှင့် စာစီကုန်းကျေးရွာများမှ စခန်းတို့ကို ယမန်နေ့ ဇွန် ၂၉ ရက် ညနေပိုင်းတွင် AA နှင့်ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်း အများအပြား ရရှိကြောင်း သိရသည်။
“နယ်မြေရှင်းလင်းပြီးမှ စကစ(စစ်ကောင်စီ)အလောင်းတွေ အစုလိုက်အပုံလိုက် တွေ့ရပါတယ်။ လက်နက်တွေလည်း အများကြီး ရလိုက်ပါတယ်”ဟု စစ်ရေးသတင်းရင်း မြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားနေသည့် အဆိုပါကျေးရွာများကို ယမန်နေ့နံနက်ပိုင်းတွင် လေကြောင်း မှ ခုခံတိုက်ခိုက်ခဲ့ပြီး ညနေပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ ခြင်းဖြစ်သည်။
စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် စာစီကုန်းရွာမှ နေအိမ် ထက်ဝက်ခန့် မီးလောင်ပျက်စီးသွားကြောင်း သိရသည်။
ယမန်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ်ထဲမှ စစ်သုံးထရပ်ကား နှစ်စီးအပြည့် လက်နက်ငယ် ကျည်ဆံသေတ္တာများကို ပုသိမ်-မုံရွာ လမ်းအတိုင်း ဧရာဝတီတိုင်းဘက်သို့ ထွက်ခွာခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ကျောက်ဖူးအခြေစိုက် အမှတ်(၉)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၉) မှ လက်နက်ငယ်ကျည်ဆံများကို ကွင်းကောက်၊ အင်္ဂပူဘက်သို့ သွား ရောက်ပေးဝေခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
ပုံစာ-ရခိုင်ပြည်နယ်အစပ် ဧရာ၀တီတိုင်းတွင်တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)